မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆို

2019-03-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် ၂၀၁၉၊ မတ် ၂၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာ ဆန္ဒပြ တောင်းဆိုကြစဉ်
မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် ၂၀၁၉၊ မတ် ၂၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာ ဆန္ဒပြ တောင်းဆိုကြစဉ်
Photo: Kyaw Zaw Win/ RFA

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၀ နီးပါးဟာ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာ ဒီနေ့ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဖွဲ့စည်းဖို့ ရန်ကုန်မြို့ နာရေးကူညီမှု အသင်းရန်ကုန်မှာ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ရှိပြီး ဥပဒေပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေနဲ့ ရာသီဥတုဆိုင်ရာ ပညာရှင်တွေလည်း ပါဝင်သွားမယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးမြတ်ကျော်က ပြောပါတယ်။

ဆန္ဒပြပွဲကို ရန်ကုန်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပြင် ပဲခူးမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေလည်း ပူးပေါင်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။

မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ်ကိုင်ဖို့အတွက် တရုတ် CPI ကုမ္ပဏီက အစိုးရချင်း တွေ့ဆုံဆွေးနွေးဖို့ ပြောဆိုနေပြီး စီမံကိန်းကို ကန့်ကွက်တာတွေ မလုပ်ဖို့ ကချင်ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ဖိအားပေးတာတွေ ရှိနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံစီမံကိန်းကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်တွေကနေ ကြည့်ရှုဆုံးဖြတ်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဒေသခံတွေကို မတ်လ ဆန်းပိုင်းက တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

ကွန်မင့်များ (1)
Share

ဖိုးသကြား

မြစ်ဆုံစီမံကိန်းကို ပျက်စေချင်ရင် အပြောမဟုတ်လက်တွေ့အလုပ်နဲ့ အလုပ်လုပ်ကြရင်အောင်မြင်မှာပါ။ ဆန္ဒပြတယ်ဆိုတာ အပြောသက်သက်သာဖြစ်ပါတယ်။ မြစ်စုံစီမံကိန်းအတွက် လျှော်ကြေးငွေကို ဘယ်လိုရှာမလဲ။ ပြည်သူတစ်ဦးချင်းစီက ရံပုံငွေထည့် ၀င်၊ ရံပုံငွေရှာဖွေမှုတွေ နည်းမျိုးစုံနဲ့လုပ်ကြ၊ ဘာသာပေါင်းစုံခေါင်းဆောင်တွေက မိမိတို့သက်ဆိုင်ရာဘာသာဝင်တွေကိုဦးစီး ရံပုံငွေ ကောက်ခံစုဆောင်း၊ ပရဟိတအဖွဲ့တွေကလည်းဝိုင်းဝန်းလုပ်ဆောင်ကြ၊ သတင်းမီဒီယာတွေကလည်း ဧရာဝတီကယ်တင်ရေးရံပုံ ငွေ ထည့်ဝင်ကြဖို့ မိမိတို့ စာစောင်တွေဂျာနယ်တွေမှာ နေစဉ်မျက်နှာဖုံးမှာကြေညာပေး၊ ရလာတဲ့ရံပုံငွေကိုစုဖို့ ဒေါ်အောင်ဆန်းစု ကြည်ကို နိုင်ငံတော်ဗဟိုဘဏ်မှာ ဘဏ်စာရင်း(Bank Account) ဖွင့်ခိုင်းပြီးစုဆောင်းထားကြ၊ ရလာတဲ့ ရံပုံငွေကို သတင်းမီဒီယာ တွေက နေ့စဉ်ကြေညာပေး၊ သတင်းမီဒီယာ TV – DVB, VOA, RFA စတဲ့ မီဒီယာကနေ နေ့စဉ် အချိန်နဲ့တပြေးညီ - Stock & Exchange ကြေညာပေးနေသလိုမျိုးကြေညာပေးခြင်းများ လုပ်ဆောင်ကြရင်: (အဲဒီလိုကြေညာပေးခြင်းဖြင့်ထည့်ဝင်တဲ့ ပြည်သူများအားတက်လာခြင်းဖြစ်စေပါတယ်) လက်တွေ့ပါတဲ့ လုပ်ငန်းစဉ်မျိုးကို အကောင်အထည် ဖေါ်ဖို့ တိုက်တွန်း အကြံပြုနိုးဆော်ပါတယ်။ လျှော်ကြေးငွေကတော့ချက်ချင်းပြည့်မိနိုင်မှာမဟုတ်ပါဖူး၊ ပြည်သူတွေဇွဲခတ်ပြီးညီညွတ်မှု ရှိရင် အောင်မြင်သွားမယ်လို့ယုံကြည်ရပါတယ်(နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပေမဲ့ နှမ်းစေ့ပေါင်းများလာရင်ဆီဖြစ်သကဲ့သို့ပါ)။ လိုအပ်တဲ့ အတိုင်းအတာတစ်ခုရောက်နေရင် အစိုးရက လိုအပ်မှုကိုဖြည့်လိုက်ရင် ပွဲသိမ်းသွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ မြန်မာပြည်သားများ အမိမြေကြီးကိုဘယ်လောက်ချစ်ကြောင်း အပြောမဟုတ်လက်တွေ့အလုပ်နဲ့ကမ္ဘာကိုပြကြပါစို့…..
အားလုံးကိုလေးစားလျှက်
ဖိုးသကြား (Pho Thakyar -Facebook Account)

Mar 26, 2019 01:26 AM

ဆိုက်တခုလုံးသို့