ဆရာကြီး အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ သီချင်းစာသား "တူးပို့" အမည်ကို Carlsberg ဘီယာကုမ္ပဏီရဲ့ မြန်မာနိုင်ငံမှာ ရောင်းနေတဲ့ ဘီယာပုလင်းတွေမှာ အသုံးပြုနေတာကို ပယ်ဖျက်ပေးဖို့အတွက် ဆရာကြီးမြို့မငြိမ်းရဲ့ မိသားစုဝင်တွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
မြန်မာလူမျိုးတွေရဲ့ သြင်္ကန်ယဉ်ကျေးမှုကို ကိုယ်စားပြုတယ်လို့ဆိုရမယ့် တူးပို့ဆိုတဲ့ အနုပညာစကားလုံးကို စီးပွားရေးအတွက် ခွင့်မပြုဘဲ ယူသုံးတာကြောင့် ရုပ်သိမ်းပေးဖို့ ပြောတာဖြစ်တယ်လို့ ဆရာကြီးမြို့မငြိမ်းရဲ့ သားဖြစ်သူ ဦးရွှန်းမြိုင်က ပြောပါတယ်။
"မြန်မာတမျိုးသားလုံးရဲ့ သြင်္ကန်ကို ကိုယ်စားပြုတယ်လို့ဆိုနိုင်တဲ့ ယဉ်ကျေးမှုလက္ခဏာကို အပီအပြင် ထိန်းသိမ်းစေမယ့် သီချင်းတစ်ပုဒ်ဖြစ်တယ်၊ အင်မတန် မင်္ဂလာရှိတဲ့သီချင်း မင်္ဂလာရှိတဲ့ စကားလုံးကို စီးပွားရေးအတွက် အလိမ်အညာ မသမာတဲ့နည်းတွေနဲ့ လုပ်တာကို လက်မခံလို့ မြို့မငြိမ်းမိသားစု သီးသန့်အယူအဆရယ်လို့ မဖြစ်စေဘဲနဲ့ မြန်မာပြည် တဝှမ်းလုံးမှာရှိတဲ့ အနုပညာလောကတစ်ခုလုံး ကို စော်ကားတယ်ထင်လို့ ဒီပွဲကိုကျင်းပခြင်းဖြစ်ပါတယ်"
ဆရာကြီးမြို့မငြိမ်းရဲ့သားဖြစ်သူက မန္တလေးမြို့မ အသင်းတိုက်ခန်းမမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုတာဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံအခြေစိုက် Carlsberg ကုမ္ပဏီအုပ်စုက TUBORG တံဆိပ်နဲ့ ဘီယာကို မြန်မာနိုင်ငံ ဈေးကွက် မှာ ရောင်းချနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်သြင်္ကန်လောက်က စတင်ပြီး ဈေးကွက်မှာ တွင်ကျယ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က မြို့မငြိမ်းမိသားစုထံ တူးပို့နာမည်ကို အသုံးပြုခွင့်ပေးဖို့ ကုမ္ပဏီတာဝန်ရှိသူတွေက ခွင့်တောင်းခဲ့ပေမယ့် မိသားစုက ခွင့်မပြုတာကို အသုံးပြုခဲ့တာလို့ ဦးရွှန်းမြိုင် က ပြောပါတယ်။
တူးပို့ အမည်နဲ့ ဘီယာထုတ်လုပ်ရောင်းချနေတာကို မရုပ်သိမ်းပေးရင် ကုမ္ပဏီတာဝန်ရှိသူတွေကို တရားစွဲဆိုသွားမယ်လို့လည်း ဦးရွှန်းမြိုင်က ပြောပါတယ်။
