အကျဉ်းသား နှစ်ထောင်နီးပါး ကို လျှော့ရက်နဲ့ လွှတ်ပေး


2017.04.12
myoyannaungthein-620.jpg ပြန်လည်လွတ်မြောက်လာတဲ့ NLD အဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်း ကို ဧပြီလ ၁၂ ရက်နေ့က အင်းစိန်အကျဉ်းထောင်ရှေ့တွင် တွေ့ရစဉ်
Photo: Htet Arkar/ RFA

တစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ တွေထဲက အကျဉ်းထောင် လက်စွဲ နည်းဥပဒေနဲ့ အညီ စည်းကမ်းလိုက်နာသူ နှစ်ထောင် နီးပါးကို အစိုးရက အထူးလျှော့ရက်နဲ့ ဒီကနေ့ လွှတ်ပေးလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် လိုက်ပါတယ်။

ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ထောင်ဒဏ် ၆လ ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းလည်း ပါဝင်ပါတယ်။

"နိုင်ငံသားတွေ အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် ကျနော်တို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရော၊ နိုင်ငံရေးသမားတွေ အလုပ်က ပြည်သူတွေကို ကာကွယ်ပေးဖို့ပဲ၊ ဖေ့စ်ဘွတ်သုံးတဲ့လူတိုင်းက ကြောက်နေပြီဆိုရင်တော့ မဟုတ်တော့ဘူးဗျ၊ ဒါကိုပြင်ဆင်ရမှာပဲ၊ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့က လက်ရှိအာဏာရပါတီရဲ့တာဝန် အစိုးရရဲ့တာဝန် ပြည်သူတွေရဲ့တာဝန်ပဲ"

ဦးမျိုးရန်နောင်သိန်းက ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေးအတွက် ဆက်လက်ကြိုးစားသွားမယ်လို့ ပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသရေ ပျက်စေတဲ့ စာသားတွေ ရေးသားခဲ့တဲ့အတွက် ဦးမျိုးရန်နောင်သိန်းကို ပုဒ်မ ၆၆ (ဃ)နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ၅ လကျော်ကြာ အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒီကနေ့ လွတ်မြောက်လာသူတွေထဲက ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် စတဲ့တိုင်းနဲ့ပြည်နယ်တွေက အကျဉ်းသား ၁၆၀၀ ကျော်၊ အကျဉ်းသူ ၂၀၀ ကျော် လွတ်မြောက် ခဲ့တာဖြစ်ပါတယ်။ လွတ်မြောက်လာသူတွေဟာ လွတ်ရက်ပြည့်ခါနီး အကျဉ်းသား အကျဉ်းသူတွေဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ခံထားရသူ ပါဝင်တဲ့ အရေအတွက်ကိုတော့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေ သူတွေက စာရင်းကောက်ယူ နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံရသူ ၇ ဦး ရှိပြီး ၅ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ လက်ရှိ အစိုးရ လက်ထက်မှာ တရားစွဲခံရသူ ၅၄ ဦးရှိပြီး ဦးမျိုးရန်နောင်သိမ်း အပါအဝင် ထောင်ဒဏ်ချမှတ်ခံရသူ ၇ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။