တာမွေက စစ်တပ်ပိုင် Mytel အရောင်းပြခန်း ပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း တာမွေမြိုနယ် ကျိုက္ကဆံလမ်းမပေါ် ၁၅၅ လမ်းနှင့် ၁၅၆ လမ်းကြား တာမွေဗလီထိပ် လမ်းဆုံ မီးပွိင့်အနီးမှာရှိတဲ့ စစ်တပ်ပိုင် Mytel အရောင်းပြခန်းမှာ ဇူလိုင် ၃ ရက် ဒီနေ့မွန်းလွဲ ၂ နာရီ အချိန်လောက်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ အဲဒီ အနီးနားမှာ နေထိုင်သူတစ်ချို့က ပြောပါတယ်။

အရောင်းပြခန်းအတွင်းမှာတင် ပေါက်ကွဲသွားတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူတစ်ယောက်မှ ထိခိုက်တာ တော့ မရှိခဲ့ဘူးလို့ မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် အတွင်းပိုင်း မှာ ပျက်စီးသွားတဲ့ အခြေအနေတွေကိုတော့ မသိရဘူးလို့ ပြောပါတယ်။

ပေါက်ကွဲပြီးတဲ့နောက် နာရီဝက်လောက်အကြာမှာ စစ်ကား နှစ်စီး ရောက်လာပြီး စစ်ဆေးတာတွေ လုပ်နေကြပါတယ်။ အခုညနေပိုင်းအထိ တာမွေဗလီထိပ် မီးပွိုင့်ကနေ တာမွေဈေးအထိ လမ်းသွား၊ လမ်းလာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။