ဗုံးကြဲခံရတဲ့ နမ့်ခမ်းမြို့က ဒေသခံတချို့ ဘေးလွတ်ရာ ထွက်ပြေးခိုလှုံ
2024.09.06
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ပေါ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာမြို့တွေအပြင် တချို့က တရုတ်ပြည်ဘက် ရှောင်တိမ်းနေကြပါတယ်။
နမ့်ခမ်းဒေသခံတစ်ဦးက "စက်တင်ဘာ ၆ ရက်နေ့ညမှာ နမ့်ခမ်းမြို့ က တိတ်ဆိတ်ပြီး တချို့မိသားစုတွေလည်း တရုတ်ပြည်ဘက် ခဏရှောင်တိမ်းသွားတာရှိသလို မူဆယ်ဘက် သွားတာတွေလည်း ရှိတယ်။ သတိဝိရီယတွေနဲ့ အိပ်နေကြရတယ်" လို့ ပြောပါတယ်။
စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲအချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး နှစ်လုံးကြဲချခဲ့တာကြောင့် ဒေသခံ ၁၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၄ ဦးထဲမှာ သုံးဦးက ဒဏ်ရာပြင်းထန်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
နေအိမ် အလုံး (၅၀) လောက်ကလည်း လက်နက်ကြီး ကျည်စ ထိမှန်ပြီး မှန်ပြတင်းပေါက်တွေ၊ တံခါးတွေ ထိခိုက် ပျက်စီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသတွင်း လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦး က RFA ကို ပြောပါတယ်။
ဗုံးကြဲခံရတာကြောင့် သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးသူငယ်တွေအပြင် အသက်အရွယ်ကြီးသူတွေလည်း ပါဝင်ပါတယ်။
နမ့်ခမ်းမြို့ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ပြီး စက်တင်ဘာ (၆) ရက် မနက်ပိုင်းအချိန်မှာ TNLA ထိပ်ပိုင်း ခေါင်းဆောင်တွေ ဂေါက်ရိုက်ပွဲ ကျင်းပဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။