နမ္မတူ ပေါက်ကွဲမှု ၂ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာမှာ မနေ့ညနေပိုင်းက ပေါက်ကွဲမှုကြောင့် ခရီးသွား သံဃာတစ်ပါးနဲ့ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
-
2019-04-09 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာမှာ မနေ့ညနေပိုင်းက ပေါက်ကွဲမှုကြောင့် ခရီးသွား သံဃာတစ်ပါးနဲ့ အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဆိုင်ကယ်စီးလာတဲ့ အရပ်ဝတ် အမျိုးသားနှစ်ဦးက မန်စံကျေးရွာ အုပ်ချုပ်ရးမှူးအိမ်ရှေ့အရောက်မှာ အမဲရောင်အထုပ်တစ်ထုပ်ကို ပစ်ချခဲ့တာကနေ ပေါက်ကွဲမှုဖြစ်တာလို့ မျက်မြင်တစ်ဦးက RFA ကို ပြောပါတယ်။
အဲဒီအထုတ်ပစ်ချချိန်မှာ အနီးအနားမှာ လူသွားလူလာနည်းပေမယ့် ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦး ခြေထောက်မှာ ထိခိုက်ခဲ့သလို ခရီးသွားသံဃာတစ်ပါးလည်း အနည်းငယ်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က ပေါက်ကွဲမှုရှိခဲ့ပေမယ့် ဒီကနေ့မန်စံရွာမှာတော့ ဒေသခံတွေ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ ဒီပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။
နမ္မတူမြို့နယ် မန်စံ၊ မိုင်းမုကျေးရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တပ်မတော်တို့တိုက်ပွဲကြောင့် အရပ်သားနေအိမ်အချို့ လက်နက်ထိမှန်မီးလောင်ခဲ့သလို လက်ရှိမှာလည်း စစ်ရေးတင်းမာနေတဲ့နေရာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။