တိုက်ပွဲတွေကြောင့် နမ့်ဆန် က ဒေသခံ ၁၀၀ ကျော် မန္တလေးကို ထွက်ပြေးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ အစိုး ရတပ်မတော်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေ သခံ တစ်ရာကျော်ဟာ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့ နယ်က မြင်းဝန်မင်းကြီးကျောင်းတိုက်ကို ထွက်ပြေး တိမ်းရှောင်လာပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို လားရှိုးမြို့ပေါ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ တစ်ရာကျော်ဟာ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်က မြင်းဝန် မင်းကြီးကျောင်းတိုက်ကို ထွက်ပြေးတိမ်းရှောင်လာပါတယ်။

အိမ်ထောင်စု ၃၁ စုက လူဦးရေ ၁၁၃ ဦး ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပြီး နေရေးထိုင်ရေးအတွက် ကူညီထောက်ပံ့မှုတွေ လုပ်ပေးထားတယ်လို့ မန္တလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင် က ပြောပါတယ်။

"လက်ရှိကျနော် သိသလောက်တော့ ၁၁၃ ဦးရောက်နေတယ်၊ အိမ်ထောင်စုအနေနဲ့ ၃၁ စုပေါ့၊ မနေ့ကဆို ၂၀ ဦး ထပ်ရောက်လာတယ်ပေါ့နော်၊ အဲဒါကြောင့် ၁၁၃ ဦးဖြစ်တာ၊ ပထမ ၉၃ ဦးပေါ့နော်၊ မနေ့က အိမ်ထောင်စု ၅ စု နဲ့ ၂၀ ထပ်ရောက်လာတယ်၊ နောက်ကျန်တဲ့ထောက်ပံ့မှုတွေပေါ့နော်၊ ဆန်တို့ ဆီတို့ အဝတ်အထည်တို့ ခြင်ထောင်တို့ စောင်တို့ ကျန်တဲ့ လိုအပ်တဲ့ ထောက်ပံ့တဲ့ပစ္စည်းတွေ လည်း သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေရော၊ တိုင်းဌာနချုပ်ကရော သွားရောက်ပြီး မနေ့က ထောက် ပံ့ပေးနေတာ တွေ့ရပါတယ်။"

ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ နမ့်ဆန်မြို့နယ် အနီးအနားကျေးရွာတွေမှာ နေထိုင်သူတွေဖြစ်ပြီး  လက်နက်ကြီး ပစ်ခတ်သံတွေကြောင့် ကြောက်လန့်ကာ ထွက်ပြေးလာကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်လောက်က စတင်ထွက်ပြေးလာကြတာဖြစ်ပြီး တချို့ကနီးစပ်ရာဆွေမျိုးအိမ်တွေမှာ သွားရောက်နေထိုင်ကြတာတွေရှိတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။

နမ့်ဆန်မြို့နယ်မှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေ တာကြောင့် နမ့်ဆန်မြို့ခံ နှစ်ထောင်ကျော်ဟာ လားရှိုး၊ မန္တလေး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို နဲ့ ပြင်ဦးလွင် စတဲ့ မြို့တွေကို  တိမ်းရှောင်နေကြပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးကျော်ဒဏ်ရာ ရရှိခဲ့ပါတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org