စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဆီ ဦးတည်ပြီး ပြည် သူတွေက ကြိုက်နှစ်သက်တဲ့ ပုဂ္ဂိုလ်တွေ ကို နိုင်ငံ့တာဝန် အပ်နှင်းပိုင်ခွင့်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသရွေ့ နိုင်ငံတော်ဟာ တိုးတက်မှာ မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
“ပြည်သူတွေရဲ့ အခွင့်အရေးတွေကို တကယ့်ကို အကာအကွယ်ပေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူတွေလိုလားနေတဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဖက်ဒရယ်စနစ်ကို ဦးတည်နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူတွေက မိမိတို့စိတ်ကြိုက် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေကို နိုင်ငံတာဝန်ကို အပ်နှင်းပိုင်ခွင့်ပေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဲဒီလိုဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုကို ကျမတို့ အများကြီးလိုလားပါတယ်၊ ဒီဟာမရှိသရွေ့တော့ ကျမတို့နိုင်ငံဟာ တိုးတက်နိုင်မှာ မဟုတ်ပါဘူး”
ဒါ့အပြင် တရားဥပဒေစိုးမိုးမှုမရှိရင် ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးမရတဲ့ အဓိကအကြောင်းအရင်းတစ်ခုဟာ တိုင်းရင်းသားပြည်သူတွေရဲ့ စိတ်ထဲမှာ တရားမျှတမှုမရှိဘူး၊ တန်းတူညီမျှမှုမရှိဘူးဆိုတဲ့ အမြင်တွေကြောင့် ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ ကပ္ပလီကျေးရွာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲမှာ ပြောကြားခဲ့တာတွေ၊ ပရိသတ်တွေရဲ့ မေးခွန်းတစ်ချို့ ဖြေကြားခဲ့တာတွေကို RFA သတင်းထောက် မဇင်မာဝင်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။