အငြိမ်းစားဗိုလ်ချုပ်တွေရဲ့ “အမျိုးသားနိုင်ငံရေး ပါတီ” အမည်နဲ့ တည်ထောင်ခွင့် လျှောက်ထားတာဟာ အချက်အလက် မပြည့်စုံသေးတာကြောင့် ခွင့်မပြုသေးတာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်နိုင် က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က Grand Amara ဟိုတယ်မှာ ကျင်းပတဲ့ မဲစာရင်းပြုစုခြင်း ဆရာဖြစ်သင်တန်း ဖွင့်ပွဲအပြီးမှာ သတင်းထောက်တွေ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။
ကော်မရှင်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်နိုင် က သက်ဆိုင်ရာဝန်ကြီးဌာနတွေဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအပြင် သာသနာရေးဝန်ကြီးဌာနတို့ထံ စိစစ်ဖို့ ပေးပို့ထားတယ်လို့ ပြောပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားပြုမယ့် အဲဒီပါတီကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလဆန်းမှာ ကော်မရှင်ထံ တည်ထောင်ခွင့် လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဦးဆောင်သူတွေထဲမှာ စစ်ဥပဒေချုပ်တာဝန်အထိ ထမ်းဆောင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိုးမောင်နဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးလွန်းမောင်တို့ ပါဝင်ပါတယ်။
ဦးစိုးမောင်ကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ရေစကြိုမြို့နယ်ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့သလို ဦးလွန်းမောင်ကတော့ စာရင်းစစ်ချုပ် ရာထူး ဖယ်ရှားခံခဲ့ရပြီးနောက် ထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၂၀ မတိုင်ခင် ပါတီတစ်ခု ဦးဆောင်တည်ထောင်မယ်လို့ သတင်းအချို့ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားခြင်းမရှိသေးဘူးလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဖြေကြားခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
