ပထမဆုံး ကာ/လုံ အစည်းအဝေး ကျင်းပဖွယ်ရှိတယ်လို့ သတင်းထွက်


2018.06.08
dassk-minaunghlaing-622.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ၂၀၁၈ ဇွန်လ ၈ ရက်နေ့ကကျင်းပတဲ့ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို တက်ရောက်လာစဉ်
Photo: Myanmar President Office

ကာ/လုံ လို့ အတိုကောက်ခေါ်တဲ့ “နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” အစည်းအဝေးကို ဇွန်လ ၈ ရက် မနက်မှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဆီကတဆင့် RFA က စုံစမ်းသိရှိရပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဇွန်လ ၈ ရက်နေ့ကျင်းပမယ့် အစည်းအဝေးတွေကို ပယ်ဖျက်ကြောင်း ဇွန်လ ၇ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်တာပါ။ ဒါ့အပြင် ၁၃ ရက်မြောက်နေ့ ကျင်းပမယ့်အစည်းအဝေးကိုလည်း ထပ်မံကြေညာ မယ်လို့ ပြည်သူ့လွှတ်တော်ရဲ့ ပန်ကြားလွှာမှာ ဖော်ပြထားပါတယ်။

ပုံမှန်အစီအစဉ်အရဆိုရင် ဇွန်လ ၈ ရက်မှာကျင်းပမယ့်လွှတ်တော်မှာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် လွတ်လပ်တဲ့ကော်မရှင် ဖွဲ့မယ့်ကိစ္စနဲ့ပတ်သက်လို့ မဲခွဲဆုံးဖြတ်ကြ မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖော်က်မှုတွေကို စုံစမ်းမယ့် ကော်မရှင်သစ်မှာ နိုင်ငံတကာကပုဂ္ဂိုလ်တဦး ပါဝင်မယ့်ကိစ္စကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေနဲ့ တချို့ကိုယ်စားလှယ်တချို့တွေက ကန့်ကွက်ထား ပါတယ်။ ဒါကြောင့် လွှတ်တော်အစည်းအဝေးတွေ ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံရေးလောကမှာ မှန်းဆချက် အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ကာ/လုံအဖွဲ့မှာ လွှတ်တော်နှစ်ရပ်လုံးကဥက္ကဋ္ဌတွေ ပါဝင်ပြီး၊ အစည်းအဝေးကျင်းပမယ်ဆိုရင် သူတို့နှစ်ဦးစလုံး တက်ရောက်ရမှာပါ။ ဒါကြောင့် အဲဒီအစည်းအဝေး တက်ရောက်ရမှာဖြစ်လို့ ပုံမှန်လွှတ်တော်အစည်းအဝေးတွေကို ပယ်ဖျက်တာဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။

တကယ်လို့သာ ကာ/လုံ အစည်းအဝေး ကျင်းပမယ်ဆိုရင် NLD အစိုးရတက်လာတဲ့သက်တမ်း ၂ နှစ်အတွင်း ဒါဟာ ပထမဆုံးကျင်းပတဲ့ ကာ/လုံ အစည်းအဝေးဖြစ်သလို၊ ဒီအစည်းအဝေးကနေ ဘယ်လိုဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာမလဲဆိုတာကို အများက စိတ်ဝင်စားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။