တလုပ်မြို့ရွာက ဖမ်းဆီးခံကျောင်းသား စစ်ကြောရေးမှာ သေဆုံး၊ ချောင်းဦးမှာ တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တလုပ်မြို့ကျေးရွာမှာ မေလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရင်း သေနတ်ဒဏ်ရာနဲ့ အဖမ်းခံခဲ့ရတဲ့ မြင်းခြံနည်းပညာကောလိပ်ရဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် ပထမနှစ်ကျောင်းသား ကိုဇင်ကိုထွန်း စစ်ကြောရေးမှာပဲ သေဆုံးသွားပါတယ်။

မေလ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာတော့ အလောင်းကိုလာယူဖို့ မိသားစုတွေထံ အကြောင်းကြားလာတယ်လို့ အမည်မဖော်လိုတဲ့ တလုပ်မြို့ ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

မနေ့က ဖမ်းဆီးခံရစဉ်က သေနတ်ဒဏ်ရာ ရထားသူတွေလည်း ရှိတာကြောင့် သူတို့အတွက်လည်း စိုးရိမ် နေတယ်လို့ သူကပြောပါတယ်။

မနေ့ မနက်အစောပိုင်း ၄ နာရီကျော်လောက်က စတင်ပြီးဖြစ်ပွားခဲ့ စစ်ကောင်စီတပ်နဲ့ ကျေးရွာပြည်သူ့ လုံခြုံရေးအဖွဲ့တွေရဲ့ တိုက်ပွဲအတွင်း တလုပ်မြို့ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသမီး တစ်ယောက် အပါအဝင် လူငယ်ကျောင်းသား ခြောက်ယောက် အဖမ်းခံခဲ့ရပြီး သေနတ်ဒဏ်ရာရထား သူတွေကို ဆေးကုမပေးဘဲ ရိုက်နှက်စစ်ဆေးရာကနေ အခုလို သေဆုံးသွားတာလို့လည်း ဆိုပါတယ်။

ဖမ်းခံရသူတွေနဲ့အတူ M-16 သေနတ်နှစ်လက် ကျည်ကတ်တွေအပြင် တူမီးသေနတ်နဲ့ လက်ပစ်ဗုံး တွေပါ ပါဝင်တယ်ဆိုပြီး မနေ့ညပိုင်းက စစ်ကောင်စီပိုင် မြဝတီသတင်းမှာ ကြေညာသွားပါတယ်။

မနေ့က စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်မှုအပြီး တလုပ်မြို့ကျေးရွာနဲ့ သုံးမိုင်အကွာလောက်က သုံးပန်လှ ဘုရားဝန်းထဲမှာ စစ်ဘေးရှောင်ဖို့ ပုန်းနေကြရင်း အဖမ်းခံခဲ့ရတဲ့ ဒေသခံနှစ်ရာနီးပါးကိုတော့ စစ်ဆေး မေးမြန်းအပြီး မနေ့ကညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာ သိရကြောင်း တလုပ်မြို့ ကျေးရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

မေလ ၁၃ ရက် ဒီကနေ့ မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နဲ့ နှစ်မိုင်ခန့် အကွာမှာရှိတဲ့ မယ်သယ်ကြိုးကွင်းအနီးမှာ စုစည်း နေထိုင်နေကြတဲ့ လူငယ်တွေကို အာဏာသိမ်း စစ်ကောင်စီရဲ့တပ်က အင်အား ၃၀၀ လောက်နဲ့ မနက် ၄ နာရီလောက် လာရောက်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ငါးယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူငယ်တွေဘက်ကလည်း တစ်ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ လူငယ်အဖွဲ့တွေက ပြောပါတယ်။

မုံရွာ၊ မန္တလေးနဲ့ ချောင်းဦးမြို့မှာ လုံခြုံရေးလုပ်နေကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး အဲဒီနေရာကို လာရောက် တိုက်ခိုက်ခဲ့တာလို့ ချောင်းဦးမြို့ လူငယ်အဖွဲ့ခေါင်းဆောင် ကိုဇာနည်သိန်းက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူဟာ အသက် ၂၃ နှစ်အရွယ် ကိုဝေယံဖြစ်ပြီး ဖမ်းဆီးမိချိန်မှာ သူ့ကို လက်ပြန်ကြိုး တုတ်လျက်နဲ့ ဝိုင်းရိုက်တာကို မြင်တွေ့ခဲ့ကြရတယ်လို့ လူငယ်ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အဲဒီနေရာမှာရှိတဲ့ လူငယ်အယောက် ၂၀၀ ကျော် ထွက်ပြေးနေရတာကြောင့် လုပ်လက်စ ကျန်ခဲ့တဲ့ တူမီး သေနတ် အလက် ၂၀၀ ခန့်နဲ့ လက်ပစ်ဗုံးတွေအပြင် လူငယ်တွေစားဖို့ ရွာတွေက ပေးပို့ပေးထားတဲ့ ဆန်၊ ဆီ စတဲ့ ပစ္စည်းတွေ ကျန်နေခဲ့တဲ့ပြီး အဲတာတွေကို စစ်ကောင်စီတပ်သားတွေက သယ်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီက လာရောက်ဖြိုခွင်းခဲ့ပေမယ့် လူငယ်တွကတော့ ကြောက်ရွံ့သွားမှာ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းဦးမြို့ဒေသခံ တစ်ယောက်က RFA ကိုပြောပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာလည်း မုံရွာဘက်ကနေ ချောင်းဦးကို စစ်ကားတွေ ထပ်တက်လာ ပြီး လမ်းမှာရှိတဲ့ အတားအဆီးတွေကို မြေကော်တဲ့ ဘတ်ဖိုးကားတွေနဲ့ ဖြိုဖျက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က သေနတ်ဒဏ်ရာရတဲ့ ငါးယောက်ကို နွားလှည်းပေါ်တင်ပြီး သယ်သွားတာ တွေ့ခဲ့ရ တာကြောင့် ငါးယောက်စလုံး သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်ပေမယ့် တိတိကျကျတော့ မသိရသေး ဘူးလို့ လူငယ်အဖွဲ့ခေါင်းဆောင် ကိုဇာနည်သိန်းက ပြောပါတယ်။

လတ်တလောမှာတော့ ချောင်းဦးတစ်မြို့လုံးနီးပါး စစ်ကောင်စီတပ်သားတွေ ခြေရှုပ်နေပြီး မြို့တော်ခန်းမနားနဲ့ ဆေးရုံနားမှာ လာသမျှသူတွေကို တားဆီး စစ်ဆေးနေပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်ကို တူမီးသေနတ်နဲ့ ပြန်လည်ခုခံတဲ့ ကျေးရွာတွေ အများဆုံးရှိတဲ့ မြို့ဖြစ်ပြီး ချောင်းဦးမြို့တော့ ဒီကနေ့ တိုက်ပွဲက ပထမဆုံးဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့မှာတော့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြရင်း မေလ ၁၁ ရက်နေ့ ဖမ်းဆီးခံထားရတဲ့ အထဲက အသက်မပြည့်သေးတဲ့ မောင်ရဲသုဝေလင်းကို စစ်ကောင်စီပိုင် မြဝတီ သတင်းမှာ လက်နက်နဲ့ လက်လုပ်မိုင်းတွေနဲ့ပါ မိတယ်ဆိုပြီး ထုတ်လွှင့်ခဲ့ပါတယ်။

ဒီသတင်း မဟုတ်မမှန်ဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

မေလ ၁၁ နေ့ မနက်ပိုင်း မူဆယ်မြို့နယ် ရဲစခန်းအနီးမှာ လူငယ် နှစ်ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းသွားပြီးနောက် ညပိုင်းမှာလည်း နောက်ထပ် သုံး ယောက်ကို နေအိမ်တွေမှာလိုက်ပြီး ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူ ငါးဦးထဲက တစ်ဦး ပြန်လွှတ်ပေးခဲ့ပေမယ့် အသက်မပြည့်တဲ့ မောင်ရဲသုဝေလင်း အပါအဝင် လေးဦးကို မူဆယ်မြို့ ရဲစခန်းမှာပဲ ဖမ်းထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ယောက်က RFA ကိုပြောပါတယ်

လူငယ်တွေ အဖမ်းခံရစဉ်က ဘာလက်နက်မှ မပါဘဲ ဆိုင်ကယ်တွေနဲ့ ဖုန်းတွေသာ ပါသွားတာဖြစ်ပြီး မြဝတီရဲ့ သတင်းမှာတော့ ဖမ်းဆီးခံရသူတွေဟာ အသက်ပြည့်ပြီး ဖြစ်သလို သေနတ်ငါးလက်နဲ့ လက်လုပ်ဗုံး ၁၆ လုံးနဲ့ အတူ ဖမ်းမိတဲ့ပုံစံ မဟုတ်မမှန် ကြေညာသွားတယ်လို့ သူက ဆက်ပြောပါတယ်။

မောင်ရဲသုဝေလင်းကို မျက်နှာမှာ ဖူးယောင်ဒဏ်ရာတွေနဲ့ မူဆယ်ရဲစခခန်းမှာ တွေ့ခဲ့ရတာကြောင့် စိုးရိမ် နေကြောင်း သူရဲ့မိဘတွေက ပြောတယ်လို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့ အာကာသိမ်း စစ်ကောင်စီကို နေရာအနှံ့နီးပါး ပြန်လည်ခုခံ တိုက်ခိုက် နေကြတာကြောင့် စစ်ကောင်စီတပ်တွေဘက်က အထိအခိုက် အကျအဆုံးတွေ ရှိလာခဲ့ပြီးနောက်ပိုင်းမှာ တိုက်ပွဲမရှိတဲ့ ကျေးရွာတွေကိုပါ အင်အားအများအပြားနဲ့ လိုက်လံတိုက်ခိုက်နေကြပါတယ်။

တဘက်မှာလည်း လူငယ်တွေက မြို့နယ်တိုင်းနီးပါးမှာ စစ်အာရှင်ဆန့်ကျင်ရေး ပြောက်ကျား သပိတ်တွေကို နေ့စဉ်ဆက်လက် ပြုလုပ်နေကြပါတယ်။