နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံ့အကြီးအကဲတွေကို ဖေ့ဘွတ်စ်မှာ ပုတ်ခတ်ရေးသားခဲ့တဲ့အတွက် မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးေ၀ ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် က ဦးဝေယံအောင်က ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ် ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။
ဦးနေမျိုးဝေဟာ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ဂုဏ်သိက္ခာ ကျဆင်းအောင် နဲ့ ပြည်ထောင်စု ပြိုကွဲအောင် သွေးထိုးရေးသားမှုတွေ လုပ်နေတာကြောင့် အမှုဖွင့်တာဖြစ်တယ် လို့ ဦးဝေယံအောင်က ပြောပါတယ်။
ဦးနေမျိုးေ၀ ကို ဖမ်းဆီးဖို့ပြင်ဆင်နေကြောင်း ကန်ကြီးထောင့်ရဲစခန်းက အမှုစစ်ရဲအုပ် သိန်းလွင် က ပြောပါတယ်။
"ဒီနေ့ ဦးဝေယံအောင် တို့ကနေ ဦးနေမျိုးဝေကို လာပြီးအမှုဖွင့်ထားတာလေ၊ ကန်ကြီးထောင့်မြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်အရေးယူတာပါ၊ ကျနော်တို့ ရန်ကုန်ကို သွားရမှာပါ၊ ဦးနေမျိုးဝေကို ဖမ်းဆီးပြီး ရမာန်ယူရမှာပါ၊ ဒီအမှုကိုတရားစွဲဖို့ ဆက်သွယ်ရေးဝန်ကြီးကို ခွင့်ပြုမိန့်တောင်းပြီးမှ တရားစွဲလို့ရမှာပါ"
ဦးနေမျိုးေ၀ ဟာ သူ့ရဲ့ဖေ့ဘွတ်စ်စာမျက်နှာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နိုင်ငံအကြီး အကဲတွေကို အသရေဖျက်တဲ့ စာသားတွေနဲ့ အန်အယ်လ်ဒီပါတီကို ပုတ်ခတ်တဲ့ စာသားတွေကို ၁၅ ကြိမ်လောက် ရေးပြီးတင်ခဲ့တာဖြစ်တယ်လို့ ဦးဝေယံအောင်က ပြောပါတယ်။
