နေပြည်တော်ကောင်စီဥက္ကဌ အဖြစ် ဒေါက်တာမျိုးအောင်ကို ခန့်အပ်

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အဖြစ်ခန့်အပ်တာဝန်ပေးခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေလုံခြုံရေးအတွက် ဦးစားပေးဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။

လုပ်ငန်းတာဝန်တွေကို လာမယ့်ဧပြီလ ၄ ရက်နေ့ မှာ စတင်ထမ်းဆောင်သွားမှာဖြစ်ပြီး လုံခြုံရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြောပါတယ်။

"လုပ်သင့်လုပ်ထိုက်တာတွေ အကုန်လုံး ကျနော်တို့လုပ်ကြမှာပါ၊ နေပြည်တော်ကအဓိက ကျတဲ့အတွက်၊ ရုံးနေရာဖြစ်တဲ့အတွက် လုံခြုံရေးကတော့ ပထမဦးဆုံးဦးစားပေး အဓိကတာဝန်ယူဖြစ်တဲ့အတွက် အားလုံးလည်းသဘောပေါက်ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာမျိုးအောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ပြီး အရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ မြို့နယ် ၈ မြို့နယ်ပါဝင်ပြီး ဆက်လက်လုပ်ဆောင်မယ့်လုပ်ငန်းတွေ၊ အသေးစိတ် အချက်အလက်တွေကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟာ သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်ဖြစ်ပြီး လုပ်ငန်း တာဝန်တွေ လွှဲပြောင်းရယူရာမှာ အခက်အခဲမရှိဘူး လို့ ပြောပါတယ်။