နေပြည်တော်မှာ ကြိုတင်မဲတွေ ဖောင်းပွ


2015.11.07
zayarthaw-620.jpg NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ကို နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ ကြိုတင်မဲပေးသူ တစ်သောင်းကျော်ရှိတဲ့အတွက် ကြိုတင်မဲတွေ ဖောင်းပွနေတယ်လို့ ဇမ္ဗူသီရိမြို့နယ် အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ပြောပါတယ်။

ဇမ္ဗူသီရိမြို့နယ်က ဇေယျသိဒ္ဓိရပ်ကွက်မှာ ကြိုတင်မဲပေးတာအများဆုံးဖြစ်ပြီး ဘယ်သူမဆို ကြိုတင်မဲပေး ခွင့်ရှိတယ်ဆိုလို့ လိုက်လံနှိုးဆော်နေတဲ့အတွက် အခုလိုဖောင်းပွနေတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

"မနေ့က ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ အရပ်သူအရပ်သားတွေ စပြီးကြိုတင်မဲပေးနိုင်တယ် ဆိုတဲ့အခါမှာ ကြိုတင်မဲတွေ လာထည့်လိုက်ကြတာ ဇေယျသိဒ္ဓိရပ်ကွက်မှာဆိုရင် မဲပုံးပြည့်သွားလို့ နောက်တစ်ပုံးတောင် ထပ်ပြီးလဲရတဲ့အဆင့်ဖြစ်သွားတယ်၊ အဲဒါဟာရဲ့ အကြောင်းရင်းကို လိုက်ကြည့်လိုက်တဲ့အခါ သက်ဆိုင်ရာအုပ်ချုပ်ရေးအပိုင်းက လူတွေက ရွေးကောက်ပွဲနဲ့ မသက်ဆိုင်ဘဲနဲ့ ကော်မရှင်အဖွဲ့ခွဲတွေကို ကြိုတင်မဲပေးချင်တဲ့သူတွေ ပေးခွင့်ရှိပါတယ်ဆိုတဲ့ပုံစံမျိုးကို လိုက်ပြီးတော့ ကြေညာတာခင်ဗျ၊ အဲဒါကြောင့်မို့ မလိုလားအပ်ဘဲနဲ့ ကြိုတင်မဲတွေ ဖောင်းပွနေတယ်လို့ ကျနော်တို့မြင်တယ်"

ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေအရ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ်ပြင်ပကို သွားရောက်ရမယ့် အစိုးရဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ နာမကျန်းသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ခရီးသွားလာရမယ့်သူတွေ ဆန္ဒမဲပေးခွင့်ရှိတာဖြစ်ပါတယ်။ ကြိုတင်မဲပေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ရက်နေ့ကနေ ၇ရက်နေ့ ဒီနေ့အထိ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်ရုံးခွဲတွေမှာ ကောက်ယူနေတာဖြစ်ပါတယ်။

ဇမ္ဗူသီရိမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆက်သွယ်ရေးနဲ့ နည်းပညာအချက်အလက်ဌာန ဝန်ကြီးဟောင်း ဦးမြတ်ဟိန်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးကျော်အေးတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဇမ္ဗူသီရိမြို့နယ်မှာ မဲရုံ ၃၃ ရုံရှိပြီး မဲပေးခွင့်ရှိသူ ၆သောင်းနီးပါး ရှိပါတယ်။

မနက်ဖြန်ကျင်းပတော့မယ့် ရွေးကောက်ပွဲမတိုင်ခင်ထိ ကြားနေရတဲ့ ပြသနာတွေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။