နေပြည်တော်မှာ လုံခြုံရေး တင်းကျပ်ထား

နေပြည်တော်မှာ စစ်ကောင်စီတပ်သားတွေကို စစ်ဆေးဂိတ်တစ်ခုမှာ ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဥ်
နေပြည်တော်မှာ စစ်ကောင်စီတပ်သားတွေကို စစ်ဆေးဂိတ်တစ်ခုမှာ ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဥ် (Photo: RFA)

မြန်မာနိုင်ငံကို မနက်ဖြန် ဇန်နဝါရီလ ၇ ရက်နေ့မှာ လာရောက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ခရီးစဉ်နဲ့ ပတ်သက်လို့ တစ်ရက်အလိုကတည်းက နေပြည်တော်မှာ ဒီနေ့ကစပြီး လုံခြုံရေးတင်းကျပ် ထားတယ်လို့ နေပြည်တော်မြို့ခံတွေက RFA ကိုပြောပါတယ်။

နိုင်ငံတော်အဆင့် ဧည့်သည်တွေတည်းခိုတဲ့ ဟိုတည်ဇုံတွေဘက်မှာလည်း လမ်းတချို့ကို ပိတ်ထားပြီး ကားနဲ့ ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့် ပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လမ်းကြိုလမ်းကြားကစ သေနတ်တွေနဲ့ စောင့်နေကြတာ။ ရဲကားတွေ စစ်ကားတွေလည်း ပျားပန်း ခတ်နေတာပဲ ကင်းလှည့်နေတာတွေလည်းရှိတယ်။ လုံခြုံရေးတွေ တော်တော်တင်းကျပ်တယ်"

ဇန်နဝါရီလ ၆ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်းကတည်းက နေပြည်တော်လေဆိပ်ကနေ မြို့ထဲကိုဝင်လာတဲ့ လမ်းကြောင်းတလျှောက် လမ်းမတွေပေါ်မှာ လက်နက်အပြည့်တပ်ဆင်ထားတဲ့ ရဲနဲ့ စစ်တပ် အင်အား အများအပြားကို လုံခြုံရေးချထားတာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီး ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ပိတ်ထားတဲ့ နေပြည်တော် သပြေကုန်းအဝိုင်း ပျဉ်းမနား-တောင်ညိုလမ်းက သံဆူးကြိုး အကာအရံတွေကိုတော့ ဒီနေ့မှာ ဖယ်ရှားထားတယ်လို့ ပြောပါတယ်။

အဲဒီနေရာဟာ နေပြည်တော်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်ကောင်းနေချိန် ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့နေရာဖြစ်ပြီး အင်အားသုံးဖြိုခွင်းမှုတွေအတွင်း မမြသွဲ့သွဲ့ခိုင် ကျည်ဆံထိမှန် သေဆုံးခဲ့ရတဲ့နေရာလည်းဖြစ်ပါတယ်။

နေပြည်တော်က သပြေကုန်းအဝိုင်း အပါအဝင် လေဆိပ်ကနေ မြို့ထဲကို လာရာလမ်းတလျှောက်က အဝိုင်းတွေမှာတော့ မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအလံတွေကို လွှင့်ထူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။