နေပြည်တော်မှာ လေပြင်းတိုက် ခံရတဲ့ နေအိမ် ၇ဝ ကျော် ကို ထောက်ပံ့ငွေပေး


2017.05.11
naypyitaw-storm-damage-620.JPG နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မေလ ၁ဝ ရက်နေ့က လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ အိမ်တချို့ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မနေ့ညနေက လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ အိမ်ခြေ ၇၈ လုံးအတွက် ငွေကျပ် ၆၂ သိန်းကျော်အပါအဝင် ပစ္စည်း ၁၆ မျိုးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ထောက်ပံ့ခဲ့ပါတယ်။

ပြင်ပအလှူရှင်တွေလည်း လာရောက်ကူညီဖို့တွေရှိတယ်လို့ ဗုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ်(ခ) ဦးရည်မွန် က ပြောပါတယ်။

"ပြင်ပအလှူရှင်တွေက လာပါလိမ့်မယ်၊ ဒီနေ့က ကျနော်တို့ ကျည်တောင်ကန်က လူမှုကူညီရေးအစီအစဉ် တချို့တော့ စပြီးလာနေပါပြီ၊ ရေလာလှူတဲ့ အစီအစဉ်မျိုးတွေပေါ့ဗျာ၊ နောက်ထပ် ကျနော်တို့ ပစ္စည်းတို့ ဆန်တို့ ဒါမျိုးလေးတွေ ကူညီမယ့်သူလည်းရှိပါတယ်၊ လိုအပ်ချက်ကတော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ထူထောင်နိုင်တဲ့လိုအပ်ချက်က အဓိကဖြစ်ပါတယ်"

လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပုဗ္ဗသီရိမြို့နယ်အတွင်းက ကျောက်စရစ်ကုန်း၊ ငါးဇင်းအင်း၊ အင်ကြင်းစုနဲ့ ဇလုတ် ကြီးကျေးရွာက လူနေအိမ်တွေ ပျက်စီးခဲ့တာဖြစ်ပါတယ်။

လူသေဆုံးတာတွေ မရှိခဲ့ပေမယ့် အိမ်ခြေ ၄ လုံးထက်မနည်းကတော့ တစ်အိမ်လုံးနီးပါး ပျက်စီးခဲ့တယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

လူကယ်ပြန် ဝန်ကြီးဌာနက ကျားလုံခြည်၊ မလုံခြည်၊ တဘတ်၊ စောင်၊ ဖျာ၊ ဇလုံအပါအဝင် ပစ္စည်း ၁၆ မျိုး၊ တစ် ပတ်စာ ဆန်ဖိုး၊ ပျက်စီးမှုပေါ်မူတည်ပြီး အိမ်ပြင်ဆင်ဖို့ တစ်သိန်းထက်မများတဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။