NCA ကို စွန့်လွှတ်ပြီး တော်လှန်ရေးမှာပါဝင်ဖို့ NMSP ကို TNLA တိုက်တွန်း

RFA Burmese
2024.08.20
NCA ကို စွန့်လွှတ်ပြီး တော်လှန်ရေးမှာပါဝင်ဖို့ NMSP ကို TNLA တိုက်တွန်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) အခြေခံစစ်သင်တန်းဆင်း ရဲဘော်များအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
MSRF

မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ ပကတိအခြေအနေနဲ့ ကင်းကွာနေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို စွန့်လွှတ်ပြီး တော်လှန်ရေးမှာ အပြည့်အဝပါဝင်ဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ၇၇ ကြိမ်မြောက် မွန်တော်လှန်းရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့က မွန်ဖက်ဒရယ်ကောင်စီ (MSRF) က ဦးဆောင်ပြီး အွန်လိုင်းကနေကျင်းပတဲ့ ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ TNLA တွဲဖက် အတွင်းရေးမှူး (၂) တားပန်လက တိုက်တွန်းလိုက်တာပါ။

”ဒီတော်လှန်ရေးထဲမှာ လူငယ် လူရွယ်တွေ အများကြီးပါလာတဲ့ချိန်မှာ ကျွန်တော်တို့ ညီနောင်တွေတော့ မွန်တွေက နည်းနည်းနှောင့်နှေးနေတယ်လို့ ပွင့်ပွင့်လင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ လူငယ်တွေ လူရွယ်တွေ လူလတ်တွေလည်း နည်းနည်းနှောင့်နှေးနေကြသလို ကျွန်တော်တို့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ လူကြီးတွေလည်း ပကတိအခြေအနေနဲ့ နည်းနည်းကင်းကွာပြီးတော့ NCA ကို လက်မလွှတ်နိုင်သေးတဲ့ အနေအထားရှိနေတယ်။ အခုလိုမျိုးနိုင်ငံက ပြောင်းလဲဖို့သွားနေပြီး လမ်းတစ်ဝက်လည်းတော်တော်လေးကို ရောက်နေတဲ့အခြေအနေမျိုးမှာ NCA ဆိုတာက ကျွန်တော်တို့တွေ စွန့်လွှတ်ပြီးမှ တော်လှန်ရေးထဲမှာ အပြည့်အဝပါဝင်မယ်ဆိုရင် ကျွန်တော်တို့တွေ အင်မတန်မှပဲ အခွင့်အလမ်းကောင်းအခြေအနေလို့ မှတ်ယူရမှာ ဖြစ်ပါတယ်”

မွန်တော်လှန်ရေးဟာ ၂၀၁၀ အထိ ညီနောင်တိုင်းရင်းသားတွေအတွက် အတုယူစရာဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နှောင့်နှေးနေတယ်လို့ မြင်မိကြောင်းလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

မွန်ပြည်သစ်ပါတီ (NMSP) ကနေ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး )(NMSP-AD)၊ မွန်လက်ကိုင်အဖွဲ့တွေနဲ့ မွန်ပြည်သစ်ပါတီတို့အနေနဲ့ တစ်စုတစ်စည်းထဲပူးပေါင်းပြီး တော်လှန်မှသာ မွန်တွေလိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ကို ရောက်ရှိမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ နှောင့်နှေးနေတဲ့ မွန်လူငယ်တွေအနေနဲ့ နိုးထပြီး တော်လှန်ရေးမှာ အောင်မြင်မှုတွေရဖို့ အကောင်းဆုံးအချိန်ရောက်နေပြီလို့လည်း ဆိုပါတယ်။

မွန်ပြည်သစ်ပါတီကို NCA စွန့်လွှတ်ပြီး တော်လှန်ရေးမှာပါဖို့ တိုက်တွန်းတာနဲ့ပတ်သက်ပြီး NMSP တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော အကြောင်းမပြန်သေးပါဘူး။ ၂၀၁၆ ကတည်းက TNLA အနေနဲ့လည်း မွန်တွေနဲ့အတူ အမြဲတမ်းရှိတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

MSFC က အွန်လိုင်းကနေကျင်းပတဲ့ (၇၇) ကြိမ်မြောက် မွန်တော်လှန်ရေးအခမ်းအနားမှာ သံဃာတော်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ စတဲ့အဖွဲ့အစည်းတွေက လူတွေ တက်ရောက်ခဲ့ကြပါတယ်။

မွန်ပြည်နယ်အတွင်းက စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး စုစည်းတိုက်ပွဲဝင်ဖို့လိုအပ်ကြောင်းလည်း ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (NMSP-AD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စတဲ့ မွန်လက်နက်ကိုင်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။