အဆင့်မြင့်အဖွဲ့သစ်ကိစ္စ NCCT နဲ့ MPC ဆွေးနွေး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရေးအဖွဲ့ NCCT နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တာဝန်ရှိသူတွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လော်ခီးလာညီလာခံမှာ တိုင်းရင်းသားအဖွဲ့တွေက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို အသစ်ဖွဲ့စည်းခဲ့တဲ့ကိစ္စအပေါ် မေးမြန်းတာအပါအဝင်၊ မတ်လက သဘောတူထားပြီးဖြစ်တဲ့ အပစ်ရပ်သဘောတူညီချက်ကို ပြန်လည်ဖြည့်စွက်တာတွေရှိလာကြောင်း ကြားသိရတာကြောင့် အခုလို လာရောက်ဆွေးနွေးရတာဖြစ်တယ်လို့ MPC အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေ က ပြောပါတယ်။

"လော်ခီးလာညီလာခံကို ကြိုဆိုတယ်၊ ဒါပေမဲ့ နောက်ထပ်ထပ်သွင်းချင်တဲ့ အချက်တွေဆိုတာက ရှေ့က ၁၆ လလောက်လုပ်ထားတဲ့ အနေအထားပေါ်မှာ အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေသလားဆိုတဲ့ အတွေးအမြင်လည်းရှိရင်ရှိသွားနိုင်တယ်၊ ဒါကြောင့်လည်း ကျနော်တို့အနေနဲ့ ဆရာဦးနိုင်ဟံသာတို့ကို လာတွေ့ပြီးတော့ သူတို့ဆီကအချက်အလက်တွေနဲ့ သူတို့ဟာတွေကို မေးပြီးတော့ပြန်တင်ပြဖို့ပါပဲ"

တိုင်းရင်းသား NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကတော့ ပဒို နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းလိုက်တာဟာ အရင်သဘောတူညီမှု ရရှိထားတဲ့ တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူ စာချူပ် NCA မူကြမ်း ပျက်ပြယ်သွားတာမဟုတ်ဘဲ၊ စာချုပ်ပါ အချက်တချို့ကိုပြင်ဆင်ပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ ၁၅ ဦးပါ အဆင့်မြင့် ညှိနှိုင်းဆွေးနွေးရေး ခေါင်းဆောင်တွေက ဆက်လက်ဆွေးနွေးသွားဖို့ ရှင်းပြခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးတဲ့ကိစ္စရယ်၊ တကယ်လို့ အပစ်ခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် ကျနော်တို့အားလုံးပါဝင်မယ်၊ လက်မှတ်ထိုးတဲ့နေရာမှာလည်း နှစ်ဖက်အဆင့်မြင့် ဆုံးခေါင်းဆောင်တွေ ပါဝင်လက်မှတ်ထိုးမယ်၊ နောက်အသိသက်သေအနေနဲ့လည်း နိုင်ငံတကာအဖွဲ့နဲ့ အာဆီယံပါမယ် နောက်ထပ်တရုတ်တို့ အမေရိကန်တို့ စသဖြင့်ပေါ့လေ"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လော်ခီးလာညီလာခံကနေပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချူပ်မူကြမ်း ပြင်ဆင်ဖြည့်စွက်ချက် ၁၂ ချက်အပါအဝင် ဆုံးဖြတ်ချက် ၉ ချက်ကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC က ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့ကတဆင့် အစိုးရကိုပေးအပ်လိုက်ကြောင်းသိရပါတယ်။