ငွေကြေးကိစ္စ NDF ပါတီ ရှင်းချက်ထုတ်

အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီကို စစ်အစိုးရနဲ့အကျိုးတူ စီးပွားရေး လုပ်ဆောင်နေသူတဦးက ငွေကြေးထောက်ပံ့ နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း NDF ပါတီခေါင်းဆောင်တွေက သူတို့ရဲ့ ဒီမိုကရေစီမိတ်ဆွေ ၆ ပါတီ ခေါင်းဆောင်တွေကို ရန်ကုန်တိုင်း တာမွေမြို့နယ် ကျိုက္ကဆံလမ်းက NDF ပါတီ ရန်ကုန်တိုင်းရုံးမှာ အောက်တိုဘာ ၁၂ ရက် ဒီကနေ့ ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် လည်းဖြစ် ၊ မြန်မာအီးဂရက်စ်အဖွဲ့ တည်ထောင်သူတွေထဲက တဦးလည်းဖြစ်တဲ့ ဦးလှမောင်ရွှေက ရွေးကောက်ပွဲ ဝင်မဲ့ NDF ပါတီ ကိုယ်စားလှယ်လောင်းတချို့ကို ငွေကြေး ထောက်ပံ့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်၊ ဒီသတင်းမှန်ခဲ့မယ်ဆိုရင် ဒါကိုလက်မခံနိုင်ကြောင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ထုတ်ဖော်ပြောခဲ့သလို လိုအပ်လာရင် ဒီမိုကရေစီမိတ်ဆွေ ၆ ပါတီထဲက နှုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို သူတို့ပါတီအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး NDF ပါတီခေါင်းဆောင်တွေက ဒီကနေ့ ပြန်လည်ရှင်းလင်းမှုတွေ လုပ်ခဲ့တာပါ။

ဒီရှင်းလင်းပွဲကို ဒီမိုကရေစီမိတ်ဆွေ ၆ ပါတီအနက် ၄ ပါတီဖြစ်တဲ့ ဒီငြိမ်းခေါ် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ ၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတွေရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ရှမ်း တိုင်းရင်းသား ဒီမိုကရက်တ (ကျားဖြူ) ပါတီ နဲ့ ချင်းအမျိုးသားပါတီ ခေါင်းဆောင်တွေကတော့ နယ်ကို စည်းရုံးရေး ဆင်းနေတဲ့အတွက် တက်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

စစ်အစိုးရက NDF ပါတီကို ငွေကြေးထောက်ပံ့ခြင်း မရှိဘူးဆိုတာ ရှင်းပြခဲ့တဲ့ NDF ပါတီခေါင်းဆောင်တွေကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ ်မရခဲ့ပါဘူး။

တာမွေမြို့က ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီ (UDP) ပါတီဥက္ကဋ္ဌ ဦးသိန်းဌေးက NDF ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းရဲ့ ရှင်းလင်းချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ဒီ NDF က အချင်းချင်း ဒီ မြင်သာထင်သာအောင် သူတို့ ရှင်းတယ်။ ဦးလှမောင်ရွှေကနေပြီးတော့ NDF ကို ဖြေရှင်းချက်တစောင် ထုတ်ထားတာ ရှိတယ်လေ။ ဒီ NDF ကို ပါတီအနေနဲ့ ကူညီတာ မရှိပါဘူး၊ ဒါပေမဲ့လည်း ပါတီမှာ ရွေးကောက်ပွဲ ဝင်မဲ့ အသိမိတ်ဆွေ အချို့တော့ ပုဂ္ဂိုလ်ရေးအရ အနည်းအကျဉ်းတော့ ကူညီတာ ရှိနိုင်ပါလိမ့်မယ်။ ဆိုတော့ အဲဒါကို NDF က ဒေါက်တာ သန်းငြိမ်း ကိုယ်တိုင်က ဒီ၊ ငြိမ်းနဲ့ ကျွန်တော်တို့ ကျန်တဲ့ ပါတီတွေကို ရှင်းပြတယ်။”

“ရှင်းပြတဲ့အပေါ်မှာ ဒီ ငွေကြေးနဲ့ ပတ်သက်ပြီးတော့ စာထုတ်ထားတယ်။ ဒီ၊ ငြိမ်းပါတီကလည်း သူတို့ဖက်က အလောတကြီး သုံးသပ်တဲ့ အဆင့် ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ သူတို့ ပါတီမှာ ပြန်ချပြပြီးတော့ သူတို့ ရုပ်သိမ်းပေးမယ်။ ကျွန်တော်တို့ ဒီ ခြောက်ပါတီ မဟာမိတ်ကလည်း သူ နုတ်ထွက်ခြင်း မဟုတ်ပါဘူး ဆိုတာကိုလည်း သူတို့ ပြောသွားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ပြဿနာတွေ အကုန် ရှင်းပြီးသွားပါပြီခင်ဗျာ။”

ရွေးကောက်ပွဲ မတိုင်ခင်ကာလနဲ့ ရွေးကောက်ပွဲအပြီးကာလတွေမှာ နိုင်ငံရေးအရ လက်တွဲဆောင်ရွက်နိုင်ဖို့အတွက် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ ၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီနဲ့ အမျိုးသာ းဒီမိုကရေစီအင်အားစု (NDF) ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တပါတီ ချင်းအမျိုးသားပါတီ ၆ ပါတီ စုပေါင်းပြီး ဒီမိုကရေစီ မိတ်ဆွေများပါတီအဖြစ် ဖွဲ့စည်းခဲ့တာပါ။

ဒီအတောအတွင်း ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတွေကို စစ်အစိုးရက မဲဆွယ်စည်းရုံးခွင့် ပေးထားရာမှာ ဒီ/ငြိမ်းလို့ခေါ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ မဲဆွယ်စည်းရုံးမှုတွေ အပိတ်ပင် ခံနေရကြောင်း သိရပါတယ်။

ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာမှာ ဒေသခံပြည်သူတွေကို ဒီ/ငြိမ်းပါတီရဲ့ မဲဆွယ်စ ာရွက်စာတမ်းတွေ ဝေငှဖို့ သွားရောက်ရာမှာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က တားမြစ် ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ ဒီ/ငြိမ်းပါတီ ဒုဥက္ကဋ္ဌ ဦးတင်ထွေးက RFA ကို အခုလိုပြောပါတယ်။

“အဲဒီ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာမှာ ကျွန်တော်တို့ pamphlet တွေ ဝေတဲ့အခါမှာ အဲဒီ ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌက အဝေမခံဘူးပေါ့ဗျာ။ ကျွန်တော်တို့ဆီက နသတွေ ဘာတွေ ပါတယ်ပေါ့၊ စာရွက်က။ ပါတော့ ဖြန့်လို့ရတယ်ဆိုပြီးတော့ ဖြန့်ခိုင်းတယ်။ ဒါပေမယ်လို့ ဖြန့်ခွင့်မပေးဘူး၊ အဲဒီက ဖြန့်ခွင့်မပေးပဲနဲ့ မရဘူးပဲ လုပ်ပြီးတော့ ကျွန်တော်တို့ ဒီကလူတွေကို ရဲစခန်းပို့တယ်။ သိမ်းတယ်ပေါ့ဗျာ။ ရဲစခန်းပို့တော့ ရဲစခန်းကနေပြီးတော့ ကျွန်တော်တို့ စာရွက်တွေလည်း သိမ်းပြီးတော့ ဝေခွင့် မပေးဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တစညကိုတော့ သူတို့က ဝေခွင့်ပေးမယ်၊ ကျန်တဲ့ ပါတီတွေကိုတော့ ဝေခွင့်မပေးဘူး ဆိုပြီးတော့ ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌကလို့ ပြောတယ်။ အမှန်တော့ ဒီဟာတွေက ကော်မရှင်က ဒါ ခွင့်ပြုထားတာပဲ။ ကျွန်တော်တို့ကို ဒီအခွင့်က ပေးကို ပေးရမှာလေ။ ကျွန်တော်တို့က ကော်မရှင်အဆင့်ဆင့်ကို တင်ပြရမယ့် တာဝန်ရှိတာပေါ့။ ကော်မရှင်ကိုတော့ ကျွန်တော်တို့က တင်ပြဖို့ စာထည့်ထားပါတယ်။ ဒီနေ့လောက်မှ ကျွန်တော်တို့က ပို့ဖြစ်တယ်ဗျ။”

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီလိုပဲ ရွေးကောက်ပွဲဝင်မဲ့ အခြားပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေ လည်း အခက်ကြုံနေရကြောင်း RFA က စုံစမ်းသိရပါတယ်။