ကချင်ပြည်နယ် NDF ဥက္ကဌ ရာထူးက နှုတ်ထွက်

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ပါတီကနေ နှှုတ်ထွက်လိုက်ပါတယ်။

တောင်သူတွေအရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဓိကထားဆောင်ရွက်လိုတဲ့အတွက် ထွက်တာဖြစ်တယ် လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

"NDF ကတော့ ကျမ အပြီးထွက်တဲ့ပုံစံပါပဲ၊ တောင်သူအရေးကို ပိုအားသန်ပြီး လုပ်နေရတဲ့ပုံစံပါပဲ၊ ပါတီဘက်ကို ကျမ အားနည်းတာတွေလည်းရှိတယ်၊ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ဒီလိုမျိုး ၂ ခု အလုပ်လုပ်ဖို့ဆိုရင်လည်း မတက်နိုင်တာအပြင် အခက်အခဲတွေ အများကြီးကြုံရမှာပဲ၊ အဲ့ဒါကြောင့် တောင်သူအရေးကိုပဲ၊ ပြည်သူအရေးကိုပဲ ကျမ ပိုပြီးလုပ်ဆောင်နိုင်ဖို့ရန်အတွက် ဒီပါတီကထွက်မှာဖြစ်ပါတယ်၊ အခုထွက်တာက မိမိဆန္ဒသဘောအရပါပဲ၊ ကျမအနေနဲ့ အခုအချိန်အထိကတော့ တခြားပါတီကို ကူးပြောင်းဖို့ကတော့ ရည်ရွယ်ချက်မရှိပါဘူး"

ဒေါ်ဘောက်ဂျာဟာ ပါတီကနေ နှုတ်ထွက်ကြောင်း အကြောင်းကြားစာကို ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ မနေ့ကရက်စွဲနဲ့ ပေးပို့လိုက်တာဖြစ်ပါတယ်။ NDF ပါတီ ကချင်ပြည်နယ်ရုံးကို မြစ်ကြီးနားမြို့က သူ့ရဲ့နေအိမ်မှာ ဖွင့်လှစ်ထားရှိပြီး ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်ဘောက်ဂျာဟာ တောင်သူလယ်သမားအရေးကို လှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်ပြီး မကြာခဏတရားစွဲဆိုခံရသလို ဖမ်းဆီးခံရတာတွေလည်းရှိပါတယ်။ လတ်တလောမှာလည်း မိုးညှင်းမြို့နယ်က မြေယာကိစ္စနဲ့ပတ်သက်ပြီး ပုဒ်မ ၃ ခု နဲ့ တရားရင်ဆိုင်နေရပါတယ်။

လွန်ခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဒေါ်ဘောက်ဂျာဟာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကနေ ဖားကန့်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာလည်း မြစ်ကြီးနားမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ပေမယ့် နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။