စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါးရှိပြီလို့ ကုလထုတ်ပြန်

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေအသုံးပြုမှုနဲ့ ပိုပြင်းထန်လာတဲ့ တိုက်ပွဲတွေ ကြောင့် စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါးရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဇန်နဝါရီ ၂၆ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်၊ ကယား (ကရင်နီ)၊ ချင်း စတဲ့ပြည်နယ်တွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဇန်နဝါရီ ၁၇ ရက်အထိ စာရင်းတွေအရဆိုရင် စစ်ကိုင်းတိုင်းမှာ ၁၁၃,၉၀၀၊ ချင်းပြည်နယ် မှာ ၃၃,၈၀၀၊ မကွေးတိုင်းမှာ ၂၀,၁၀၀၊ ကယားပြည်နယ်မှာ ၉၁,၄၀၀၊ ကရင်ပြည်နယ်မှာ ၇၄,၆၀၀၊ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၄၂,၆၀၀၊ မွန်ပြည်နယ်မှာ ၇,၁၀၀၊ တနင်္သာရီတိုင်း မှာ ၁,၆၀၀ နဲ့ ပဲခူးတိုင်းမှာ ၆၀၀ စုစုပေါင်း ဒုက္ခသည် ၃၈၅၇၀၀ ရှိနေပြီလို့ ဖော်ပြထား ပါတယ်။

နေအိမ်အလုံးပေါင်း ၁,၈၄၀ နဲ့ ခရစ်ယာန် ဘုရားကျောင်းတွေအပါအဝင် အရပ်သားပိုင် ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

လုံခြုံရေးအခြေအနေတွေကြောင့် ခရီးသွားလာခွင့်မရလို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေသူတွေဆီပေးနိုင်ဖို့ ခက်ခဲနေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်သူတွေ လိုအပ်နေသူတွေဆီ အရေးပေါ် အကူအညီ တွေ ပေးနိုင်ဖို့ ပဋိပက္ခဖြစ်ပွားရာဒေသတွေကို သွားလာခွင့်ရဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ချင်း၊ ကချင်၊ ကရင်၊ ကယား (ကရင်နီ)၊ ရှမ်းပြည်နယ် တွေ အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွား နေပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကို လျှော့ချပြီး မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တိုက်တွန်းနေပါတယ်။