လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးအဆိုတင်သွင်းဖို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံပြုတိုက်တွန်းသွားမှာဖြစ်တယ်လို့ NLD ပါတီဥပဒေအကြံပေး ရှေ့နေဦးကိုနီ ကပြောပါတယ်။
ဒီကနေ့ စင်္ကာပူနိုင်ငံမှာ မြန်မာမိသားစုတွေကဦးဆောင်ကျင်းပတဲ့ ဟောပြောပွဲနဲ့ ပတ်သက်ပြီး RFA ကမေးမြန်းရာ မှာ ရှေ့နေဦးကိုနီ က အခုလိုပြော ခဲ့တာဖြစ်ပါတယ်။
"ဘယ်လောက်ပဲလွှတ်တော်မှာအများစုရရ တပ်မတော်သဘောမတူရင် ၂၀၀၈ အခြေခံဥပဒေကို ပြင်လို့ မရပါဘူး။ အကောင်းဆုံးကတော့ အခြေခံဥပဒေကို အသစ်ရေးမယ်ဆိုတဲ့ အဆိုတင်ပြီး အသစ်ရေးတာက ပိုပြီးကောင်းတယ်။ အဲ့ဒါက ကိုယ်စားလှယ်အများစုရဲ့ မဲနဲ့ဆုံးဖြတ်လို့ရတယ်။ ပြည်ထောင်စုလွှတ်တော်က အသစ်ရေးတာဟာ အကောင်းဆုံးလို့ ဆုံးဖြတ်လို့ရှိရင် ဒါပြည်သူ့ဆုံးဖြတ်ချက်၊ ပြည်သူ့ဆန္ဒဖြစ်သွားပြီလေ။ ဒါလွှတ်တော်ကလုပ်ပေးနိုင်တဲ့ကိစ္စဘဲ၊ အဲဒီနည်းလမ်းက အခွင့်အလှမ်းပိုသာတယ်လို့ ကျနော်ကထင်တယ်"
ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားတွေ တင်သွင်းသွားတဲ့ စာတမ်းအများစု ဟာလည်း အခြေခံဥပဒေအသစ်ရေးဆွဲရေးကို ဦးတည်ထားတာတွေ့ရသလို ဖွဲ့စည်းပုံကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို တပြိုင်ထဲလုပ်ဆောင်သင့်တယ်လို့လည်း ရှေ့နေဦးကိုနီက ပြောပါတယ်။
စင်္ကာပူရောက် မြန်မာမိသားစုတွေကစီစဉ်တဲ့ ဟောပြောကို ၈၈ မျိုးဆက်ပွင့်လင်း အဖွဲ့အစည်းက ဦးမင်းကိုနိုင် နဲ့ရှေ့နေဦးကိုနီတို့က ဟောပြောခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကိစ္စ၊ ၂၁ ရာစုပင်လုံညီလာခံအကြောင်းတွေကို အဓိကထားဟောပြောခဲ့ကြတာဖြစ်ပါတယ်။
လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲေရး အဆိုတင်သွင်းဖို့ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို အကြံပြုတိုက်တွန်းသွားမှာဖြစ်တယ်လို့ NLD ပါတီဥပဒေအကြံပေး ရှေ့နေဦးကိုနီကပြောပါတယ်။ ဒီကနေ့ စင်္ကာပူနိုင်ငံမှာ မြန်မာမိသားစုတွေက ဦးဆောင်ကျင်းပတဲ့ဟောပြောပွဲမှာ ပါဝင်ဟောပြောခဲ့တဲ့ ရှေ့နေဦးကိုနီကို RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်းထားပါတယ်။
