ရင်းနှီးမြုှပ်နှံမှုကော်မရှင်အသစ် ဇွန်လကုန်လုပ်ငန်းစမည်

အသစ်ပြန်ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရ ရင်းနှီးမြုပ်နှံမှု ကော်မရှင် MIC အနေနဲ့ ဧပြီလကတည်းက ရပ်ဆိုင်းထားခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၂၃ဝဝ ခန့်ရှိတဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်း အဆိုပြုလွှာ တွေကို အခုလက စတင်ပြီး စတင်စိစစ်သွားမယ်လို့ အစိုးရအရာရှိကြီးတစ်ဦးက မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် MIC အနေနဲ့ ဧပြီလကတည်းက အဆိုတင်ထားတဲ့ စီမံကိန်း ၁ဝ၂ ခုရှိပြီး အတည်ပြုဖို့ စောင့်ဆိုင်းနေကြောင်း၊ ဒီအထဲက ထက်ဝက်ခန့်ဟာ နိုင်ငံခြားရင်းနှီး မြုပ်မှုစီမံကိန်းတွေဖြစ်ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂၃ဝဝ ခန့်ရှိကြောင်း ကော်မရှင် အတွင်းရေးမှူးအဖြစ် ပြန်ရွေးခြယ် တင်မြောက်ခံရတဲ့ ဦးအောင်နိုင်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဧပြီလကတည်းက ရပ်ဆိုင်းထားခဲ့ရတာဟာ NLD အစိုးရသစ်အနေနဲ့ ကော်မရှင်မှာ လုပ်ကိုင်မယ့် သင့်တော်တဲ့ လူတွေကို ရှာဖွေခန့်ထားလိုတဲ့ အတွက်ဖြစ်ကြောင်း၊ ဒါပေမယ့် အချိန်အကြာကြီး စောင့်ဆိုင်းရတဲ့အတွက် စီးပွားရေးလောကမှာ စိုးရိမ်မှုတွေဖြစ်စေခဲ့ကြောင်း၊ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေအများစုပါနေတဲ့ NLD အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို လည်း ပူပန်တာတွေရှိခဲ့ကြောင်း ဦးအောင်နိုင်ဦးက ပြောတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အသစ်ဖွဲ့လိုက်တဲ့ ရင်းနှီးမြုပ်နှံမှုကော်မရှင်မှာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးအပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါဝင်ပြီး စိစစ်ဆုံးဖြတ်တဲ့ လုပ်ငန်းတွေကို ဇွန်လကုန်မှာ စတင်နိုင်မယ်လို့လည်း သိရပါတယ်။