ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပါဝင်မယ့်သူတွေကို အခွန် ကင်းလွတ်ခွင့် ပြုမယ်လို့ဆို

ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို မြန်မာအစိုးရက အခွန်ကင်းလွတ်ခွင့် ပေးဖို့စီစဉ်ထားတဲ့အကြောင်း မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတဆင့် သိရပါတယ်။

ရန်ကုန်မြစ်အနောက်ဖက်မှာတည်ဆောက်မယ့် အဲဒီ မဟာစီမံကိန်းကြီးအောက်မှာ၊ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသဖြစ်တဲ့ ဇုန်အမှတ် (၁) မှာ ရင်းနှီးမြှုပ်နှံရင် ၇ နှစ် အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။

အတော်အသင့်ဖွံ့ဖြိုးပြီးသား ဇုန်အမှတ် (၂) မှာ ရင်းနှီးမြှုပ်နှံရင်တော့ ၅ နှစ်စာ အခွန်ကင်းလွတ်ခွင့် ရမှာဖြစ်ပြီး၊ ဖွံ့ဖြိုးပြီးသား ဇုန်အမှတ် (၃) မှာရင်းနှီးမြှုပ်နှံရင် ၃ နှစ်စာအခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းအစိုးရပိုင် NYDC လို့ခေါ်တဲ့ ရန်ကုန်သစ်ဖွံ့ဖြိုးရေးကုမ္ပဏီက အကောင်အထည်ဖေါ်မှာဖြစ်ပါတယ်။ အဲဒီစီမံကိန်းမှာ မြို့နယ် (၅) ခု၊ တံတား (၂) စင်း၊ စက်မှုဇုန်၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေသွင်းရေထုတ်ဌာနတို့ ပါဝင်မှာဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ ကုန်ကျမယ်လို့ လျာထားပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ လူဦးရေ ၇ သန်းခွဲနီးပါးရှိပြီး၊ နောက်လာမယ့် ၁၀ နှစ်ဆိုရင် လူဦးရေ ၁၀ သန်းထိတိုးလာမယ်လို့ ခန့်မှန်းနေပါတယ်။