ငဖဲမြို့နယ်က ရွာတချို့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံထားရ
2024.09.09
မကွေးတိုင်း ငဖဲမြို့နယ်က ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ရွာသုံးရွာကို စစ်ကောင်စီတပ်က စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၉ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
မထုံး၊ ဂုတ်စီးရိုးနဲ့ စွန်ပျော်ရွာတွေကို သွားတဲ့လမ်းမှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကနေ ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့်ပိတ်ထားတာ လေးလခန့်ရှိပြီလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကက စစ်ဆေးရေးဂိတ် တောင်တက်လမ်း အစမှာ ပိတ်ထားတယ်။ ရွာကတော့ သုံးရွာရှိတယ်ဗျ။ ဒီရွာတွေကို အဓိကပိတ်တာပေါ့။ အဲမရောက်ခင် စုပေါင်းတောင်ပေါ် ဆယ်ရွာရှိတယ်။ ခုက ဂိတ်က အဲရွာသုံးရွာကို သယ်ခွင့်မပေးဘဲဂိတ် ချထားတာဗျ”
ဒီရွာတွေက အဲဒီဒေသမှာ အခြေစိုက်လှုပ်ရှားတဲ့ People's Revolution Alliance (Magway) တပ်ဖွဲ့ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ထားတာလို့လည်း သူက ပြောပါတယ်။
လက်ရှိမှာ ငဖဲမြို့နယ် ပဒါန်းရွာ နတ်ရေကန် တပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ စွန်ပျော်ရွာမှာ တပ်စွဲထားတာကြောင့် ဒေသခံတွေက စားသောက်ကုန်တွေကို တောလမ်းတွေကနေ ခက်ခက်ခဲခဲ သယ်ယူနေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ငဖဲမြို့နယ် အမ်း - ပဒါန်း ကားလမ်းပေါ်က စပ်စီရွာနဲ့ အာဇရွာအနီးမှာ People's Revolution Alliance (Magway) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အာဇာရွာက ချင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။