မကွေးတိုင်း ငဖဲဖြို့နယ် ပဒါန်းကျေးရွာမှာ ကားဝပ်ရှော့ဆရာ ဦးဝင်းမြင့်ကို စစ်တပ်နဲ့ ရဲက ဒီနေ့မနက်က လာရောက်ရှာဖွေရာမှာ မတွေ့တာကြောင့် သားဖြစ်သူနဲ့ ကားဝပ်ရှော့က အလုပ်သမား သုံးဦးကို ဖမ်းဆီး သွားတယ်လို့ ဒေသခံံတွေက RFA ကို ပြောပါတယ်။
စစ်သားနဲ့ ရဲအင်အား ၃၀ ခန့်ဟာ ဆိုင်ကယ် ၁၂ စီးလောက်နဲ့ ဒီကနေ့မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ရောက်ရှိ လာတာဖြစ်ပြီးတော့ အဲဒီအချိန်မှာ ဦးဝင်းမြင့်ဟာ သူ့အိမ်မှာရှိမနေလို့ဆိုပြီး အခုလို ဖမ်းဆီးသွားတာလို့ ပဒါန်းကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အရပ်သားတစ်ဦးက ပြောပါတယ်။
"သူ့အိမ်ကို စစ်တပ်နဲ့ရဲ လာရှာတဲ့အချိန်မှာ ဦးဝင်းမြင့်က မရှိဘူး။ အဲဒါနဲ့ ရွာမြောက်ဘက် (ကားလမ်းမ ဘေး)က သူ့ရဲ့ ကားဝပ်ရှော့ကို သွားရှာတာ။ အဲဒီမှာ ကျည်ဆံခွံ ၄ ခုနဲ့ ဓါးတစ်လက် တွေ့တယ်ဆိုပြီး ဦးဝင်းမြင့်သားနဲ့ အလုပ်သမား သုံးဦးကို ဖမ်းသွားတယ်"
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်လေးဦးဟာ အသက် ၂၀ ဝန်းကျင်တွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပဒါန်းရွာဟာ ငဖဲနဲ့ မကွေးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာရှိပြီး ကားဝပ်ရှော့ဆရာ ဦးဝင်းမြင့်ကို စစ်တပ်ဘက်က ဘာကြောင့်အလိုရှိတယ်ဆိုတာ မသိရပေမယ့် ဦးဝမ်းမြင့်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ဦးဆောင်တဲ့သူ မဟုတ်သလို PDF အဖွဲ့နဲ့ အဆက်အစပ် မရှိနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။