မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ဧရာ၀တီမြစ်ဘေးက ကျွန်းပေါ်ရွာတွေမှာ စစ်ကောင်စီ တပ်က ဆယ်ရက် ဆက်တိုက် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဩဂုတ်လ ၁၇ မှာ RFA ကို ပြောပါတယ်။
ကျွန်းရွာတွေလို့ လူသိများတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်က အောင်သုခ၊ လင်္ကာဒီပ၊ ယက္ခဒီပ၊ ရေလယ်သောင်၊ ကန်သာ စတဲ့ရွာ ၁၂ ရွာကဒေသခံတွေဟာ ဩဂုတ်လ ၈ ရက်နေ့ကစလို့ မြစ်တစ်ဖက်ကမ်း မြင်းမူနဲ့ မြောင်မြို့နယ်ဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဩဂုတ်လ ၁၆ ရက် မနေ့တုန်းကလည်း အောင်သုခရွာကို အင်အား တစ်ရာလောက်ပါတဲ့ စစ်ကောင်စီတပ်က ရွာထဲစီးနင်းပြီး မီးရှို့ခဲ့လို့ နေအိမ် ခြောက်ဆယ်နီးပါး မီးလောင်ပျက်စီးခဲ့ရ တယ်လို့ ငါန်းဇွန်ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“အောင်သုခရွာကို ကုန်းလမ်းကရော ရေလမ်းကရော မနက်အစောမှာ ဝင်ပြီးစီးနင်းတာ။ ပြီးတော့ နေအိမ်တွေ မီးရှို့သွားတယ်။ ဒေသခံတွေကတော့ ကြိုသတင်းရလို့ ထွက်ပြေးကြတာပေါ့”
ငါန်းဇွန်ဒေသခံ နောက်ထပ်တစ်ဦးကလည်း မနေ့တုန်းက အဲဒီရွာတွေမှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ ရွာကိုဝင်ပြီးမီးရှို့ခဲ့တာလို့ RFA ကို ပြောပါတယ်။
ဩဂုတ်လ ၉ ရက်နေ ၁၃ ရက်အထိလည်း ငါန်းဇွန်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ငါန်းဇွန်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ကတော့ ငါန်းဇွန်မြို့နယ်ရဲ့ ဧရာ၀မြစ်တစ်ဖက်ကမ်း မြင်းမူမြို့နယ် ရွာသာလေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစီးနင်းဝင်ရောက်စဉ် ငါန်းဇွန် မြို့နယ်က ထွက်ပြေးခိုလှုံလာတဲ့ ဒေသခံလေးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ ရွာတချို့မှာရှိနေသေးတာကြောင့် ထွက်ပြေးနေ ရတဲ့ ဒေသခံ တစ်သောင်းကျော်ဟာ ဒီနေ့အထိနေရပ် မပြန်နိုင်ကြသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။