ချင်းပြည်နယ် မတူပီမြို့ မြောက်ဘက် ရွာလေးရွာက ဒေသခံအမျိုးသား ကိုးဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက် နေ့က စပြီး စစ်ကောင်စီက လမ်းပြအဖြစ် အသီးသီး ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် အဲဒီအထဲ သတ်ဖြတ်ခံ ထားရတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို တောတွင်းတစ်နေရာမှာ ဒီနေ့ တွေ့ရှိရတယ်လို့ မတူပီ CDF အဖွဲ့က ပြောပါတယ်။
ကျန်တဲ့အမျိုးသား ခုနစ်ဦးဟာလည်း အလားတူသတ်ဖြတ်ခံထားရတယ်ဆိုတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ မတူပီ CDF အဖွဲ့ တပ်ရင်း - ၂ က ပြန်ကြားရေးတာဝန်ခံ ကိုရေဂင်က ပြောပါတယ်။
"ကျွန်တော်တို့ တောင်ရွာတွေမှာ မနေကြနဲ့လို့ အတန်တန်တားထားတယ်။ သူတို့က မသွားဘူး။ မသွားတဲ့လူတချို့ကို ဖမ်းပြီး သူတို့က လမ်းပြခိုင်းတယ်။ အလောင်းတွေကိုလည်း တောထဲမှာ ဒီအတိုင်းပစ်ထားတာ တွေ့တဲ့ဟာတွေလည်း တွေ့တယ်။ မတွေ့တဲ့ဟာတွေလည်း မတွေ့ဘူး။ သတ်လိုက်တာ သေချာတယ်။ သေနတ်သံတွေလည်း ကြားတယ်။ ကျွန်တော်တို့နဲ့ပစ်တာ မဟုတ်ဘူး"
ဒီရွာသား ကိုးဦးဟာ ဘွေထီးယားရွာက နှစ်ဦး၊ ကီလှုန်းရွာက နှစ်ဦး၊ ကစဲရွာက တစ်ဦးနဲ့ ငလိုင်ရွာဘက်က စစ်ရှောင်လာသူတွေ လေးဦးဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ သတ်ဖြတ်ခံထားရတဲ့ ရွာသား နှစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိထားပြီး ကျန်တဲ့ရုပ်အလောင်းတွေ ကို ရှာမတွေ့ရသေးပေမယ့် သေဆုံးသွားပြီဆိုတာကို အတည်ပြုထားတယ်လို့လည်း ကိုရေဂင်က ပြောပါ တယ်။
အဲဒီရွာသားကိုဦးဟာ အသက် ၄၀ ကျော်ကနေ အသက် ၆၀ ကျော်အရွယ်အမျိုးသားတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမတွေ့ရသေးသလို RFA အနေနဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီရဲ့ မတူပီမြို့ အခြေစိုက်၊ ခြေလျင်တပ်ရင်း ခလရ - ၁၄၀ ဟာ ဇန်နဝါရီ ၅ ရက်နေ့ကစလို့ မတူပီ CDF တပ်ရင်း - ၂ ဘက်ကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာခဲ့ပြီး တိုက်ပွဲတချို့လည်း ဖြစ်နေတယ်လို့ မတူပီ CDF က ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ငလိုင်ရွာ၊ ကစဲရွာ၊ တီဘောရွာ၊ ကီလှုန်းရွာတွေက လူဦးရေ တစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။