ဂျပန်နီပွန်ဖောင်ဒေးရှင်း လူနာတင်ယာဉ် ၉၀ ကျော်လှူဒါန်း

ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်း က မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း အပါအဝင် မြန်မာနိုင်ငံ တနိုင်ငံလုံး အတွက် စုစုပေါင်း မော်တော်ယဉ် ၉၁ စီးကို ဒီနေ့ လှူဒါန်း လိုက်ပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် Nippon Foundation က မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအပါအဝင် ကျန်မာရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ အရေးပေါ်လူနာတင်ယာဉ်များကို အောက်တိုဘာလ ၁၇ ရက်နေ့က ကျင်းပတဲ့ မသန်စွမ်းသူများ အနုပညာဖျော်ဖြေပွဲမှာ ပေးအပ်လှူဒါန်းစဉ် Photo : RFA/ Kyaw Htoon Naing

ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းအပါအဝင် မြန်မာနိုင်ငံ တနိုင်ငံလုံးအတွက် စုစုပေါင်း မော်တော်ယဉ် ၉၁ စီးကို ဒီနေ့ လှူဒါန်းလိုက်ပါတယ်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမမှာ ဒီနေ့မနက်ပိုင်းကကျင်းပတဲ့  ပထမဆုံးအကြိမ်ကျင်းပတဲ့ မြန်မာနိုင်ငံမသန်စွမ်း အနုပညာပွဲတော်မှာ လှူဒါန်းကြောင်း ကြေညာခဲ့တာပါ။

အဲဒီလှူဒါန်းတဲ့ မော်တော်ယဉ်တွေဟာ လူနာတင်ယာဉ်တွေအဖြစ်လည်း သုံးစွဲနိုင်သလို အဲဒီအထဲမှာ မြန်မာနိုင်ငံက မသန်စွမ်းသူတွေအတွက် အသုံးပြုဖို့ ယာဉ် ၆ စီးလည်း ပါဝင်တယ်လို့ Nippon Foundation ဥက္ကဋ္ဌ Mr. Yohei Sasakawa ရဲ့ စကားပြန်က ပြောပါတယ်။

ဒါ့အပြင် နီပွန်ဖောင်ဒေးရှင်းဟာ ဒီနေ့စတင်ကျင်းပတဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ဖြစ်မြောက်ရေးအတွက် အဓိကကူညီပံ့ပိုးပေးခဲ့ပါတယ်။

ဒီမသန်စွမ်းအနုပညာပွဲတော်ကို နိုင်ငံတစ်ဝှမ်းက မသန်စွမ်းသူ အနုပညာရှင် ၂၇၀  ပါဝင်ဖျော်ဖြေကြပြီး နာမည်ကြီးအဆိုတော်တွေ အနုပညာရှင်တွေကလည်း ဝိုင်းဝန်းကူညီခဲ့ကြပါတယ်။ ဒီနေ့တင်ပြမှုတွေထဲမှာ တေးဂီတနဲ့ အငြိမ့်ဖျော်ဖြေတင်ဆက်မှုတွေအပြင် ပန်းချီပြပွဲ ၊ ဓါတ်ပုံပြပွဲ ၊ စာအုပ်အရောင်းပြခန်းတွေလည်း ပါဝင်ပါတယ်။

နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ မော်တော်ယာဉ် အစီး ၉၀ ကျော်မှာ မသန်စွမ်းသူများအသင်းအပြင်  မီးသတ်ဦးစီးဌာနက အစီး ၅၀ ရရှိမှာဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပညာရေးလုပ်ငန်း၊ စက္ခုပါလဖောင်ဒေးရှင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့စတဲ့ အဖွဲ့အစည်းတွေ အသီးသီးရရှိမှာ ဖြစ်ပါတယ်။

နီပွန်ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့၂၀၁၂ခုနှစ် ကလည်း ကျန်းမာရေးဝန်ကြီးဌာနအတွက် လူနာတင်ယာဉ် ၂၆ စီးလှူဒါန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org