ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ပြည်သူ ၅ သန်းနီးပါးရဲ့ ဆန္ဒကို လွှတ်တော်က အကောင်အထည်ဖေါ်ပေးဖို့ တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကော်မတီက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက အခုလိုပြောပါတယ်။
"လွှတ်တော်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတာ၊ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက မဲဆန္ဒရှင်တွေကို ကိုယ်စားပြုပြီးတော့ ရွေးကောက် ထားတာ၊ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းဟာ သက်ဆိုင်ရာမဲဆန္ဒရှင်တွေကို ကိုယ်စားပြုပြီးတော့ လွှတ်တော်မှာရပ်တည်ရ မှာဖြစ်ပါတယ်၊ အဲတော့ မဲဆန္ဒရှင်တစ်ဦးချင်းရဲ့ ဆန္ဒကိုတောင် အလေးအနက်ထားဖို့လိုပါတယ်၊ မဲဆန္ဒရှင် ၅ သန်းလောက်ရဲ့ဆန္ဒကို လွှတ်တော်အနေနဲ့ ပြည်သူ့အသံ လွှတ်တော်အသံဖြစ်အောင်၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဖြစ်အောင်လုပ်ပေးဖို့က လွှတ်တော်ရဲ့တာဝန်ပါ"
တစ်နိုင်ငံလုံးက မြို့နယ် ၃၀၈ မြို့နယ်မှာ ၄၃၆ ပြင်ဆင်ရေးအတွက် လူပေါင်း ၅ သန်းနီးပါးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းက ၁၀ သိန်းကျော်၊ မန္တလေးတိုင်းက ၈သိန်းကျော်၊ စစ်ကိုင်းတိုင်းက ၇ သိန်းကျော်၊ ဧရာဝတီတိုင်းက ၅ သိန်းကျော်နဲ့ အများဆုံးလက်မှတ်တွေ ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မြို့နယ် ၃၀၈ မြို့နယ်က ကောက်ခံရရှိထားတဲ့ လက်မှတ် ၅သန်းနီးပါး ကို လွှတ်တော်ကို တင်ပြသွားမယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒသဘောထားလက်မှတ်တွေကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကောက်ခံခဲ့တာဖြစ်ပါတယ်။
ဒီသတင်းအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာကို တဆက်ထဲနားဆင်နိုင်ပါတယ်။
ပုဒ်မ ၄၃၆ အပါအဝင် အခြေခံဥပဒေ ပြင်ဆင်နိုင်ခြေ အလားအလာနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
