၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေကို NLD ပါတီ ရုံးချုပ်မှာ ဒီနေ့မနက်က ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲဟာ NLD ပါတီနဲ့ ပြည်သူ့ပါတီတို့ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါတယ်။
နှစ်ပါတီ တွေ့ဆုံဆွေးနွေးဖို့ ပြည်သူ့ပါတီက ကမ်းလှမ်းလာတာကြောင့် လက်ခံတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး နောင်မှာ မကြာခဏတွေ့ဆုံဆွေးနွေးတာတွေ ဆက်လုပ်သွားဖို့ ဒီနေ့ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။
ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က တိုင်းပြည်အရေးကိစ္စတွေနဲ့ ပတ်သက်လို့ နှစ်ပါတီကြား ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးတာဖြစ်ကြောင်း ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီရဲ့ လွှတ်တော်တွင်းဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ပြည်သူ့ပါတီရဲ့ ဖွဲ့စည်းပုံနဲ့ ပါတီဖွဲ့စည်းထားတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အပြန်အလှန် အမြင်သဘောထားတွေ ဆွေးနွေးခဲ့တယ်လို့ နှစ်ဖက်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမဲ့ အသေးစိတ်ဆွေးနွေးခဲ့တာမရှိဘဲ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ကိစ္စတွေမှာ ပြည်သူ့ပါတီနဲ့ NLD ပါတီတို့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သင့်တော်တဲ့အချိန်တွေမှာ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်လုံးက သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ ဆွေးနွေးခဲ့တာရှိလားလို့ RFA က မေးမြန်းရာမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာမရှိကြောင်း ဦးရဲနိုင်အောင်က ပြောပါတယ်။
ဆွေးနွေးပွဲကို NLD ပါတီက ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဒေါက်တာ မျိုးညွန့် တို့ တက်ရောက်ခဲ့ပြီး ပြည်သူ့ပါတီဘက်က ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ ဦးရဲနိုင်အောင်၊ ဦးကျော်ကျော်ထွေး၊ ဦးကျော်ကျော်စိုးတို့ တက်ရောက်ခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီအနေနဲ့ NLD ပါတီအပြင် တိုင်းရင်းသားပါတီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။
