လွှတ်တော်အမတ်တွေ လစာလှူဒါန်းရေး နဲ့ ချို့တဲ့ကလေးတွေ ထောက်ပံ့ရေး အတွက် NLD ကြေညာ


2016.02.05
new-mp-parliament-620.jpg ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရရှိမယ့်လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ရန်ပုံငွေအဖြစ် လစဉ်ပြန်လည်လှူဒါန်းဖို့ NLD ဗဟိုက ဖေဖော်ဝါရီလ ၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီငွေတွေကိုလက်ခံဖို့ ပြည်သူ့လွှတ်တော်အတွက် ဒေါက်တာ ဒေါ်မေဝင်းမြင့်နဲ့ ဦးအောင်စိုး၊ အမျိုးသားလွှတ်တော်အတွက် ဦးမင်းဦးနဲ့ ဦးကျော်သီဟတို့ကို တာဝန်ပေးလိုက်ပြီး၊ ဘဏ်စာရင်းအသစ်တွေဖွင့်ပြီး လက်ခံရမယ်လို့ ဖော်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ တစ်လကို ကျပ်ငွေ ၁ဝ သိန်းစီရတဲ့အတွက် ၂ သိန်းခွဲစီ ပြန်လည်လှူဒါန်းရမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဆင်းရဲချို့တဲ့ ကျောင်းသူ ကျောင်းသားတွေကို သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ မျှဝေခြင်းစီမံချက် ဗဟိုအကောင် အထည်ဖော်ရေးအဖွဲ့ကို NLD နာယက ဦးတင်ဦး ခေါင်းဆောင်ပြီး မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

ဗဟိုအဖွဲ့မှာ ဦးတင်ဦးက ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး၊ ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်တို့ အပါအဝင် စုစုပေါင်း ၁၂ ဦးနဲ့ ဖွဲ့လိုက်တာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ အခုလိုဖွဲ့စည်းဆောင်ရွက်ဖို့ကိုလည်း အကြောင်းကြားထားပြီးပြီလို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒီစီမံချက်အကောင်အထည်ဖော်ဖို့ ပြည်သူတွေအနေနဲ့လည်း ပါဝင်ကူညီကြဖို့ကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

မျှဝေခြင်းစီမံချက်အရ မူလတန်းကနေ အထက်တန်းအထိ ချို့တဲ့ကျောင်းသားတွေကို စာအုပ်၊ ခဲတံ၊ ကျောင်းသုံးဖတ် စာအုပ်တွေနဲ့ ကျောင်းဝတ်စုံတွေ ကူညီထောက်ပံ့မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။