NLD နဲ့ ပူးပေါင်းဖို့ အပစ်ရပ် ကရင်ခေါင်းဆောင် ပြောကြား

ဗိုလ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦးပါ ကရင် ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ညနေပိုင်းက နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကရင်ငြိမ်းချမ်းရေး ကောင်စီအနေနဲ့ အန်အယ်လ်ဒီပါတီ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ အလေးထား ဆွေးနွေးခဲ့တယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။ ဗိုလ်ချုပ်ကြီး စောဌေးမောင်က အခုတစ်ကြိမ်မှာ အစိုးရဘက်က နားလည်ပွင့်လင်းမှု ရှိလာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရဲရဲတင်းတင်း လာရောက် တွေ့ဆုံတာဖြစ်တယ်လို့ တွေ့ဆုံပွဲမှာ စကားပြန်ကတစ်ဆင့် ကရင်ဘာသာနဲ့ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေနဲ့ တိုင်းရင်းသားတွေနဲ့ တစ်စိတ် တစ်ဝမ်းတည်းရှိကြောင်း အလေးထားပြီး ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။