လားရှိုး NLD ကိုယ်စားလှယ်လောင်းတွေ အနိုင်ရမှု ပြိုင်ဘက်ပါတီတချို့ လက်မှတ်မထိုး


2020.11.10
lashio-nld-candidates-622.jpg ၂ဝ၂ဝ နိုဝင်ဘာ ၁ဝ ရက်နေ့က လားရှိုး မြို့တော်ခန်းမမှာ အနိုင်ရ ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ဘက်ပါတီတွေ မဲရလဒ် ပုံစံ (၁၉) အတည်ပြုလက်မှတ်ရေးထိုးစဥ်။
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ပြည်သူ့ လွှတ်တော်၊ ပြည်နယ်မဲဆန္ဒနယ်(၁) နဲ့ (၂) နေရာတွေမှာ အနိုင်ရခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက အမျိုးသားလွှတ်တော်နေရာမှာ အနိုင်ရခဲ့ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟာ လားရှိုးပြည်နယ် မဲဆန္ဒနယ် (၁) ကနေ ဝင်ပြိုင်ပြီး အနိုင်ရသွားပါတယ်။ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ဘက်ပါတီတွေ မဲရလဒ် ပုံစံ (၁၉) အတည်ပြု လက်မှတ်ရေးထိုးပွဲကို ဒီကနေ့ မြို့တော်ခန်းမမှာကျင်းပခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့ ဒီလက်မှတ်ရေးထိုးပွဲကို လားရှိုးမှာ ယှဉ်ပြိုင်တဲ့ပါတီ (၁၁) ပါတီထဲက ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၀ အမျိုးသားပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်လက်မှတ်ရေးထိုးခဲ့တာ မရှိပါဘူး။

လားရှိုးမြို့နယ်အတွင်းမှာ မဲပေးခွင့်ရှိသူ နှစ်သိန်းနှစ်သောင်းကျော်ရှိပြီး မဲပေးခဲ့တဲ့သူက ၅၀ ရာခိုင်နှုန်းကျော် တစ်သိန်းတစ်သောင်းကျော်အထိ ရှိခဲ့တယ်လို့ ရှမ်းပြည်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနှစ်ဆန်းဦး ကပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တခြားမြို့နယ်တွေမှာ အဲဒီစာရင်းတွေ ရေတွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

---------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။