တပ်နဲ့ပတ်သက်တဲ့ NLD ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းချက် ဆက်လက်အရေးနိမ့်

သီဟထွန်း၊ သက်စုအောင်
2020.03.19

နိုင်ငံတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ကွပ်ကဲမှုအောက်မှာပဲရှိရမယ်လို့ ပြဌာန်း ထားတဲ့ ဖွဲ့စည်းပုံပါပုဒ်မကို ပယ်ဖျက်ဖို့  NLD ဘက်က တင်ပြထားတဲ့ ပြင်ဆင်ချက်ကို ဒီနေ့ လွှတ်တော်မှာ မဲခွဲ ရာမှာ တပ်မတော်က ထောက်ခံမှုမရှိတဲ့အတွက် ရှုံးနိမ့်သွားပါတယ်။ ဒီနေ့ မဲခွဲတဲ့ ပြင်ဆင်ချက် ပုဒ်မနဲ့ပုဒ်ခွဲ ၁၄ ခု ထဲက “မသန်မစွမ်းကနေ မသန်စွမ်း”ဆိုတဲ့ စကားရပ်ပြင်ဆင်တဲ့ ပုဒ်မတစ်ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရပြီး ပြင်ဆင်နိုင်ခဲ့ပါတယ်။

တပ်မတော်နဲ့ သက်ဆိုင်တဲ့ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ  ၃၃၈ နဲ့ ပုဒ်မ ၃၃၉ တို့မှာ နိုင်ငံအတွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်ရှိရမယ်၊ နိုင်ငံတော်ကို ပြည်တွင်း၊ ပြည်ပအန္တရာယ်တွေ က ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။

အဲဒီပုဒ်မ နှစ်ခုစလုံးကိုတော့ NLD ပါတီက ပယ်ဖျက်ဖို့ ပြင်ဆင်ချက်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ရာမှာ တပ်မတော်ဘက်က ထောက်ခံမှုမရှိတဲ့အတွက် လိုအပ်တဲ့ မဲ ၇၅ ရာခိုင်နှုန်းမကျော်ဘဲ ရှုံးနိမ့်ခဲ့တာဖြစ် ပါတယ်။

NLD အပါအဝင် တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားအများစုကတော့ လက်နက်အကိုင်အဖွဲ့အစည်းအားလုံး ဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်ဆိုတဲ့အချက်ကို  သဘောမတူကြပါဘူး။  ဒီနေ့ မဲပေးရာမှာ ပါဝင်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ချင်းလွှတ်တော်ကိုယ်စားလှယ်  ဦးခမ်ခန့်ထန်က တပ်မတော်ရဲ့ လက်အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိနေမှသာ ပြည်တွင်းငြိမ်းချမ်းရေးရမယ်လို့ တပ်မတော်အနေနဲ့ ယူဆတာကြောင့်  ဒီပုဒ်မကို မပြင်နိုင်တာလို့ သုံးသပ်ပါတယ်။

"တပ်မတော်ကတော့ လက်နက်ကိုင်အားလုံးကို သူတို့လက်အောက်မှာ သူတို့ အကြီးဆုံးဖြစ်မယ်ပေါ့လေ၊ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သူတို့ ခံယူချက်နဲ့ သူတို့လေ ဥပမာ တောင်ပေါ်မှာ အိမ်သေးသေး လေးနဲ့ နေရင်လည်း အိမ်ထောင်ဦးစီးက အိမ်ထောင်ဦးစီးပဲလေ၊ ရန်ကုန်မှာ တိုက်နဲ့ကားနဲ့နေတဲ့သူကလည်း အိမ်ထောင်ဦးစီးပဲ၊ တောင်ပေါ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေပဲဖြစ်ဖြစ် ဒီမိသားစုအငယ်လေးပဲဖြစ်ဖြစ် အိမ်ထောင်ဦးစီးက အိမ်ထောင်ဦးစီးပဲ၊ ဒါတော့ တိုင်းရင်းသားတွေလည်း လက်ခံမှာ မဟုတ်ဘူး၊ သဘောက ဒီလက်နက်ကိုင်တွေ သူတို့လက်အောက်မှာနေမှ ငြိမ်းချမ်းရေးရမယ်လို့ သူတို့ယူဆမှာပေါ့ ဒါပေမဲ့ တိုင်းရင်း သားတွေကတော့ အဲလိုမဟုတ်ဘူး ဒီ ၂၀၀၈ ဥပဒေကို ဥပဒေနည်းလမ်းအတိုင်း နိုင်ငံရေးအရ ဆွေးနွေးမယ် ဒါ တကဏ္ဍပေါ့၊ တချို့ကတော့ ဒီတိုင်းဆွေးနွေးလို့မရဘူး၊ ၂၁ ရာစုညီလာခံလည်းလုပ်တယ် ဒီမှာလည်း ဥပဒေ ပြင်ဆင်ခြင်းကိစ္စကို လုပ်တယ် အဲဒီဟာနဲ့မအောင်မြင်ဘူးဆိုရင် နည်းလမ်းတစ်ခုအနေနဲ့ သူတို့ဆန္ဒအတိုင်း ပေါ့လေ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တည်မြဲတာပေါ့"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း ကတော့ ဒီပုဒ်မတွေကို ပယ်ဖျက်ဖို့ စောနေသေးတယ်လို့ သူ့အမြင်ကို  ပြောပါတယ်။

"အဲဒါကြီးကတော့လေ၊ လက်ရှိအခြေအနေ တိုင်းပြည်ရဲ့ ဘာခေါ်မလဲဆိုလို့ရှိရင် ငြိမ်းချမ်းမှုအခြေအနေ၊ တရား ဥပဒေစိုးမိုးမှုအခြေအနေ၊ နောက်ပြီးတော့ ဒီမိုကရေစီရေချိန်တွေပေါ့။ အဲဒီအခြေအနေအရတော့ ဒီဥစ္စာက ပယ်ဖျက်ဖို့ဆိုတာက စောနေသေးတယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း အရင်ကလည်း ပြောခဲ့ပြီးပြီလေ၊ ဒီမိုကရေစီရေချိန်နဲ့ တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီး သူတို့ဆုတ်ခွာပေးမယ်ဆိုတဲ့အကြောင်း အကြိမ် ကြိမ်ပြောခဲ့ပြီးပြီလေ။ အဲဒီရလဒ်ပဲလို့ အန်ကယ်ကတော့ မြင်တာပဲ"


ရသေ့တောင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကတော့ ဒီမိုကရေစီသက်တမ်း ဆယ်နှစ်အတွင်းမှာ ဘာမှပြောင်းလဲမှုမရှိဘဲ နောက်လာမယ့် သက်တမ်းမှာ  ဖွဲ့စည်းပုံပြင်မယ်ဆိုရင် အရင်ဆုံး ခေါင်းဆောင်တွေ ယုံကြည်မှုတည်ဆောက်ဖို့က ပိုအရေးကြီးတယ်လို့ မြင်မိကြောင်း ပြောပါတယ်။

"အခုက ဒီမိုကရေစီသက်တမ်း ၁၀ နှစ်ရှိသွားပါပြီ ဆယ်နှစ်သက်တမ်းမှာလည်း ဘာမှ ထူးခြားမှုတွေကို မတွေ့ ခဲ့ရဘူး အချိန်တွေပဲ ကုန်သွားပါတယ်၊ အဲဒါကြောင့် နောင်လာမယ့် နောက်ထပ် ငါးနှစ် ဥပဒေပြုလွှတ်တော် ဖြစ်တဲ့အတွက် ဒီဖွဲ့စည်းပုံကတော့ ပြည်ထောင်စုကပဲ အမြဲတမ်းလုပ်သွားရမှာဖြစ်ပါတယ်။ ဘယ်သူပဲ တက် တက်ပါ၊ ဒီဖွဲ့စည်းပုံကတော့ လုပ်သွားရမယ်၊ ဒီဖွဲ့စည်းပုံကိုလုပ်ဖို့အတွက် ခေါင်းဆောင်ကြီးတွေရဲ့ သဟာ ဇတဖြစ်မှု တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့က ပိုပြီးအရေးကြီးတယ်လို့ပြောချင်ပါတယ်"

ဒီနေ့ မဲခွဲဆုံးဖြတ်တဲ့  ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုမှာ တပ်မတော်နဲ့ဆိုင်တဲ့ ပုဒ်မ ပုဒ်မခွဲ လေးခုပါရှိပြီး အဲဒီထဲက ပုဒ်မ ၂၄၄ ပါ "မသန်မစွမ်းဖြစ်သွားသော တပ်မတော်သား" ဆိုတဲ့ စကားရပ်ကို "မသန်စွမ်းဖြစ်သွားသော တပ်မတော်သား"  လို့  ပြင်ဆင်တဲ့ ပြင်ဆင်ချက်ကိုတော့ NLD ရော တပ်မတော်သားတွေ အပါအဝင် အကုန်လုံးက ထောက်ခံတဲ့ အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ပြင်ဆင်နိုင်ခဲ့ပါတယ်။

ဒီအထဲမှာ Right to Recall လို့ ခေါ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မဲဆန္ဒရှင်တွေက မဲနဲ့ရာထူးက ဖယ်ရှား ခွင့်ဆိုင်ရာပုဒ်မလည်း ပါဝင်ခဲ့ပြီး NLD ဘက်က တင်ပြတဲ့ မဲဆန္ဒရှင်ရာခိုင်နှုန်းနဲ့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက ထောက်ခံတဲ့ရာခိုင်နှုန်း ကွာခြားတဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်။  

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်တာ ဒီနေ့ ရှစ်ရက်မြောက်နေ့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှာ မဲပေးပိုင်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးရှိပြီး၊ ဒီနေ့ လွှတ်တော်တက်ရောက်တဲ့ ကိုယ်စားလှယ်က ၆၃၂ ဦးရှိပါတယ်။စုစုပေါင်း ကိုယ်စားလှယ်အရေအတွက်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ၄၉၁ ဦးက ထောက်ခံမဲရမှ ဒီပုဒ်မ ပုဒ်မခွဲတွေကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

မနက်ဖြန် ၉ ရက်မြောက်နေ့ နောက်ဆုံး မဲခွဲမယ့်ပုဒ်မတွေထဲမှာတော့ နိုင်ငံတော်အလံနဲ့ဆိုင်တဲ့ ပုဒ်မ ၄၃၇(က) လည်းပါဝင်ပြီး စစ်အစိုးရလက်ထက်ပြောင်းလဲပြင်ဆင်ခဲ့တဲ့ လက်ရှိ ဝါစိမ်းနီ သုံးရောင်ချယ်အလံရဲ့နေရာမှာ အနီရောင်အောက်ခံမှာ ကြယ်ဖြူကြီးတစ်လုံးကို ကြယ်ဖြူငယ် ၁၄ ခုက ဝန်းရံထားတဲ့ အလံသစ်နဲ့ အစားထိုး ပြင်ဆင်ဖို့ NLD ကတင်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်အာဏာကို ဆက်လက်ခွင့်ပြုထားတဲ့ ပုဒ်မ ၄၄၃၊ ၄၄၄၊ ၄၄၅ အပါအဝင်စုစုပေါင်း ပုဒ်မ ပုဒ်မခွဲ ၁၄ ခုကို မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။