အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံရ

2022.01.26
Share on WhatsApp
Share on WhatsApp
အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ ကို တွေ့ရစဉ်
Photo: CJ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ အရေးယူ မယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဦးမင်းသူဟာ သူနိုင်ငံရေးရာထူးရှိစဉ် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက NLD ပါတီ ရွေးကောက်ပွဲမှာ အောင်နိုင်ရေးအတွက် ကုမ္ပဏီ ပိုင်ရှင်တစ်ဦးကို ဆက်သွယ်ပြီး NLD ပါတီ တီရှပ်အထည် ၁၈၀၀၀ အတွက် ငွေကျပ် ၃၁၅ သိန်း လက်ခံရယူတာ၊ NLD ပါတီ တံဆိပ် ပါတဲ့ လွယ်အိတ်တွေ ဝယ်ယူဖို့အတွက် ကျပ်သိန်း ၃၆၀ လက်ခံရယူခဲ့တယ်လို့ စွပ်စွဲခံ ထားရတာပါ။

စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိမှုအရ ဦးမင်းသူကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း ရဲစခန်း မှာ မနေ့က အမှုဖွင့်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဦးမင်းသူရဲ့ ဇနီး ဒေါ်လွင်မေသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုချင်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် ၂၀၁၆ ခုနှစ် NLD ပါတီ အာဏာရချိန် ဦးမင်းသူဟာ NLD အစိုးရရဲ့ နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် စတင်တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ် ၂၀ ဆင်း မြိတ်လေတပ်စခန်း ဌာနချုပ်ကနေ ဒု-ဌာနချုပ်မှူး ဗိုလ်မှူးကြီး ရာထူးနဲ့ စစ်တပ်ကနေ အငြိမ်းစားယူခဲ့သူ ဦးမင်းသူဟာ ဒေါ်အောင်ဆန်း စုကြည် လက်အောက်က သမ္မတရုံးမှာ ဒု-ဝန်ကြီး အဖြစ် တာဝန်ပေးအပ်တာလည်း ခံခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်မှာ NLD အစိုးရက အစိုးရအဖွဲ့ရုံးကို ညွှန်ချုပ် တစ်ဦးတည်းက ဦးဆောင် လုပ်ကိုင်နေတဲ့ ပုံစံကနေ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဆိုပြီး ပြောင်းလဲဖွဲ့ စည်းပြီး ဦးမင်းသူလည်း ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

ဦးမင်းသူဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ဇာတိဖြစ်ပြီး ပညာအရည်အချင်းကတော့ သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်)၊ မဟာ ဝိဇ္ဇာဘွဲ့ ကာကွယ်ရေးပညာတို့ကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်တပ်က အငြိမ်းစားယူပြီးနောက် ဦးတေဇ ပိုင် Air Bagan မှာ လေယာဉ်မှူးအဖြစ် လေယာဉ်မောင်း နေချိန် NLD အစိုးရ တက်လာတဲ့အခါမှာ နေပြည်တော်ကို ရောက် လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံး နေထိုင်ခဲ့ရသူတစ်ဦးအထိ ဖြစ်လာ ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ ဦးမင်းသူလည်း နေပြည်တော်မှာ အဖမ်းခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ အစိုးရ ဝန်ထမ်းတွေကို အဂတိ လိုက်စားမှု ပုဒ်မတွေနဲ့ အရေးယူလာခဲ့တာဟာ အခု ဦးမင်းသူနဲ့ဆိုရင် စုစု ပေါင်း ၅၆ ဦး အထိ ရှိလာနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။