မေးခွန်းနဲ့ အဆိုတွေ စိစစ်ရေးအဖွဲ့ အန်အယ်လ်ဒီ ဖွဲ့စည်း


2016.03.03
khinsanhlaing.622.jpg ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကို လွှတ်တော်မှာ တွေ့ရစဉ်
.

အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေးတွေမှာ တင်သွင်းမယ့် မေးခွန်းတွေ အဆိုတွေကို စိစစ်မယ့်အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ် အသစ်တွေများတဲ့အတွက် မေးခွန်းတွေ၊ အဆိုတွေ ဖောင်းပွပြီး လွှတ်တော်မှာ မလိုအပ်ဘဲ အချိန်ကုန်မှာကို စိုးရိမ်တာကြောင့် စိစစ်မှာဖြစ်တယ်လို့ စိစစ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

"အခုဟာ လွှတ်တော်ကိုယ်စားလှယ်တွေက အသစ်တွေဖြစ်နေတယ်လေ၊ အသစ်တွေဖြစ်တဲ့အခါကျတော့ သူတို့က မေးခွန်းတွေရွက်ဆိုပြီး တချို့က အဆိုတင်ချင်ကြတယ်၊ အဲ့ဒီတော့ တင်ချင်တဲ့အခါကျတော့ အခု အန်တီတို့က လာဖွင့်ပြီးတဲ့အခါကျတော့ ဒီကိုယ်စားလှယ်တွေ တင်တဲ့အဆိုတွေက အဆိုတင်သင့်တဲ့ အင်္ဂါနဲ့ပြည့်စုံရဲ့လား၊ တင်သင့်တဲ့အဆို ဟုတ်လား မဟုတ်လား၊ မေးခွန်းတစ်ခုမေးမယ်ဆိုရင်လည်း ဒီမေးခွန်းက မေးသင့်တဲ့မေးခွန်းလား၊ အဲ့ဒါမျိုးတွေပေါ့နော် စိစစ်ဖို့ရာအတွက်ကို ကော်မတီတစ်ရပ်ဖွဲ့ ပြီးတော့ အဲ့ဒီကော်မတီကနေပြီးတော့မှ သူ့ကိုခွင့်ပြုတဲ့အခါမှသာ ဒီမေးခွန်းတွေ မေးဆိုပြီးတော့ တင်ဖို့ရာအတွက်ကို ဒါကိုပြောတာပေါ့၊ ဒါအဓိကကျတော့ လွှတ်တော်ရဲ့အချိန်ကို ကျမတို့ ငဲ့ညှာတဲ့ သဘောပေါ့"

အဲ့ဒီအဖွဲ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်၊ ဒေါ်တင်တင်ရီ၊ ဒေါ်ခင်စန်းလှိုင်နဲ့ ဦးခင်မောင်ဝင်းတို့က တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။

စိစစ်ရေးအဖွဲ့က ခွင့်ပြုတဲ့ မေးခွန်းတွေ အဆိုတွေကိုသာ လွှတ်တော်ရဲ့ မေးခွန်း၊ အဆိုတင်သွင်းရေးဌာနကို ပေးပို့ ရမှာဖြစ်ပြီး အစိုးရသစ်ပေါ်ပေါက်ပြီးနောက် ဧပြီလလောက်မှ လွှတ်တော်မှာ မေးခွန်းတွေ အဆိုတွေ တင်သွင်းဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မေးခွန်းတွေ အဆိုတွေကို ပါတီစည်းကမ်းနဲ့အညီ တင်သွင်းမေးမြန်းကြဖို့ ပါတီရဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က တွေ့ဆုံရာမှာ သတိပေးခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီဟာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၃၉ဝ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။