ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရေး ဆုံးဖြတ်ရာမှာ NLD မပါကြောင်း ကြေညာချက်ထုတ်


2015.05.11
peace-national-reconciliation-305.jpg ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ မေလ ၉ ရက်နေ့က ကျင်းပစဉ်
Photo:Thiha Tun, Sann Maw Aung/RFA

ပြီးခဲ့တဲ့မေလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ "ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရေးဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ရာမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မပါရှိကြောင်း မေလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကို NLD ပါတီက ကိုယ်စားလှယ် တက်ရောက်ခဲ့ပေမယ့် ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အခွင့်အာဏာမပါတာကြောင့် ဝင်ရောက်မဆွေးနွေး ခဲ့ဘူးလို့ အဲဒီပွဲတက်ရောက်ခဲ့တဲ့ NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"mandate မပါပါဘူးလို့ ကျနော်တို့တင်ပြကြတယ်၊ အဲ့ဒါကို မှတ်တမ်းတင်ထားပေးပါလို့ ကျနော်လို့ မေတ္တာရပ်ခံခဲ့ပါတယ်၊ ဒါပေမဲ့ ကျနော်တို့ ၁ဝ ရက်နေ့ ကြေညာ ချက် ထွက်လာတဲ့အခါမှာ တက်ရောက်တဲ့ ပါတီများအားလုံးက မူအားဖြင့် အကုန်လုံးသဘောတူညီကြတယ် ဆိုတဲ့အချက်ပါလာတာတွေ့ပါတယ်၊ ဒါဆို ကျနော်တို့ ကြေညာချက်ပြန်ထုတ်ဖို့ လိုအပ်လာပြီဆိုပြီး ကြေညာချက် ထုတ်လိုက်တာပါ"

အဲဒီဆွေးနွေးပွဲက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပရေးနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရေး စတဲ့အချက်တွေကို တက်ရောက်လာတဲ့အဖွဲ့ အားလုံးက မူအားဖြင့်သဘောတူကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပွဲကို KNU  ကရင်အမျိုးသားအစည်းအရုံးနဲ့ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့၊ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ နိုင်ငံရေးပါတီ ၆၄ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။