NLD ပါတီ မဲဆန္ဒနယ် ၁၂ဝဝ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်မည်


2015.07.11
dassk-press-620 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ဇူလိုင်လ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo: Win Naung Toe/RFA

အမျိုးသားဒီ်မိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် တစ်ထောင့်နှစ်ရာ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

"ကျမတို့ ဒီနေ့သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အကြောင်းကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်နေပါတယ်၊ အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲတွေကို သြဂုတ်လ ၈ ရက်နေ့အပြီး ကိုယ်စားလှယ်စာရင်းတွေ တင်ပြီးတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်ဆိုတာကတော့ ကြေညာပြီးသားဖြစ်ပါတယ်၊ အဲ့ဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်အနေနဲ့ ဒီနေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးခေါ် ပြီးတော့ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကို ဆွေးနွေးခဲ့ပါတယ်၊ အဲ့ဒီတော့ တိုတိုပြောရမယ်ဆိုလို့ရှိရင်တော့ ကျမတို့အဖွဲ့ချုုပ်အနေနဲ့ ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်တယ် ဆိုတာကတော့ အဓိကအားဖြင်တော့ မပြီးသေးတဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆက်လက် ပြီးတော့ အကောင်အထည်ဖော်ဖို့ပါပဲ"

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသ ကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ပညာအရည်အချင်းတစ်ခုတည်းကို ကြည့်မှာမဟုတ်ဘဲ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ တိုင်းရင်းသားတွေကို ဦးစားပေးရွေးချယ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် ကောက်နှုတ်တင်ပြထား တာ နားဆင်နိုင်ပါတယ်။

တဆက်တည်း NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။