အကြမ်းဖက်မှုမှန်သမျှ NLD ဆန့်ကျင်

ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို လက်ပံတန်းမှာ သက်ဆိုင်ရာက အင်အားအလွန်အကျွံသုံး နှိမ်နှင်း ခဲ့မှုနဲ့ပတ်သက်ပြီး မည်သည့်အကြမ်းဖက်မှုကိုမျှ မိမိတို့ပါတီအနေနဲ့ လက်မခံနိုင်ဘူးလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။

RFA ကပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ် ပါတယ်။

"အထူးသဖြင့်အခုချိန်မှာဆိုလို့ရှိရင် ဥရောပသမဂ္ဂ ကနေပြီးတော့ ဒီကမြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကို ဘယ်လိုပြည်သူကိုဗဟိုပြုတဲ့ ရဲလုပ်ငန်းတို့ နောက် ပြီးတော့ လူစုလူဝေးကို ဘယ်လိုထိန်းသိမ်းဖို့ဘာ တို့ဆိုတာ သင်ပေးတဲ့အချိန်မှာ ဒီလိုမလိုအပ်တဲ့ ကိစ္စတွေဖြစ်တာတော့ ဒါလုံးဝမကောင်းဘူး၊ လုံလောက်တဲ့အင်အားပဲသုံးရမယ်ဆိုတာ ဒီဗမာဥပဒေ ထဲမှာတောင်ပါတယ်"

တဆက်တည်းမှာပဲ အရင်ကဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးကော်မ ရှင်တွေရဲ့ တွေ့ရှိချက်တွေကို အစိုးရအနေနဲ့ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

"ထိရောက်မှုမရှိတာဆိုတာ လူတိုင်းသိကြတာပဲ၊ လယ်ယာမြေကိစ္စဆိုလည်း ဒီလိုပဲ၊ လက်ပံတောင်းတောင်ကိစ္စဆိုလည်း ဒီလိုပါပဲ၊ အဲ့လိုပဲ ကော်မရှင်ကတော့ ဖွဲ့တာပဲ၊ ဖွဲ့ပြီးတော့ ထိရောက်မှုမရှိတော့ ဒါအုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ တာဝန်ပဲလေ၊ တစ်ခါပြောရင်လည်း တစ်ခါလာ လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တစ်ခါလာလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာလို့ တချို့ကထင်မယ်၊ ဒါပေမယ့် အဓိကကဒါပဲလေ နိုင်ငံတစ်နိုင်ငံရဲ့ လည်ပတ်မှုကို အဓိကတာဝန်ယူထားတာက အစိုးရပဲ၊ လက်တွေ့ကျ ကျ အကောင်အထည်ဖော်ဖို့ဖော်ဖို့ကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်မှမလုပ်နိုင်တာ၊ လွှတ်တော်က လုပ်ပိုင်ခွင့်မှမရှိပဲ"

ဒါ့အပြင်မြို့တော်ခန်းမရှေ့ ကျောင်းသားဆန္ဒပြပွဲကို အရပ်သားတွေ အသုံးပြုဖြိုခွဲမှုနဲ့ စပ်လျဉ်းလို့လည်း ခေတ်မ မီတော့တဲ့ ဥပဒေကို အစိုးရက ကျင့်သုံးခဲ့ခြင်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။