နှစ်သစ်မှာ NLD ပြန်လည် တည်ဆောက်မည်


2016.04.16
winhtein-620.jpg NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သြင်္ကန်အပြီးနောက်ပိုင်းမှာ ပါတီတွင်း တည်ဆောက်ရေး လုပ်ငန်း ၅ ခုလောက် ဆောင်ရွက်ဖို့ စဉ်းစားထားတယ်လို့ ပါတီဦးဆောင်မှုအတွင်းရေးမှူး ကော်မတီဝင် ဦးဝင်းထိန်က RFA ကို ဒီနေ့ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်ကမြို့နယ်ရုံးခွဲတွေမှာ ပါတီတာဝန်ထမ်းဆောင်ခဲ့သူတွေဟာ အခုနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်သွားတဲ့အတွက် တာဝန်ယူနိုင်မယ့် ပုဂ္ဂိုလ်တွေနဲ့ အစားထိုးခန့်အပ်မှာဖြစ်သလို၊ လိုအပ်တဲ့နေရာတချို့မှာလည်း စည်းကမ်းပိုင်းအရဆောင်ရွက်ရမယ့် အချက်တွေရှိနေတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

"ကျနော်တို့ပါတီကို ထိန်းသိမ်းရမယ့်တာဝန်ရယ်၊ နောက်ပြီးတော့ မြို့နယ်အသီးသီးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တော်တော်များများက ကိုယ်စားလှယ်တွေဖြစ် သွားကြတဲ့အခါမှာ မြို့နယ်တွေမှာ အင်အားတွေ အများကြီးလျော့နည်းတယ်၊ အဲ့ဒါကို ပြန်လည်ဖြည့်ဆည်းတာကတစ်ခု၊ နောက်တစ်ခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အပြင်မှာကျန်နေခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ချိတ်ဆက်ပြီးတော့ အကောင်အထည်ဖော်ဖို့ရယ်၊ နောက်တစ်ခုက မြို့နယ်အသီးသီးမှာ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို ပြန်လည် ပြီးတော့ ဖော်ဆောင်ပေးဖို့၊ အချို့ဒေသတွေမှာ သိပ်တော့မများပါဘူး၊ ပါတီစည်းကမ်း ကို ပြန်လည်တည့်မတ်ဖို့ အဲ့ဒါလေးတွေ ခေါင်းထဲ မှာ စဉ်းစားထားတာရှိပါတယ်"

လူထုကတင်ပြလာမယ့် လယ်သမား၊ အလုပ်သမားပြဿနာတွေနဲ့ အထွေထွေကိစ္စတွေ ကိုလဲ ပါတီအနေနဲ့ လွှတ်တော်မှာရှိတဲ့ သက်ဆိုင်ရာကဏ္ဍတွေကို တင်ပြပြီး ဖြေရှင်းနိုင်အောင်ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ ပညာရေးနဲ့ကျန်းမာရေးတိုးတက် ကောင်းမွန်အောင် ဆောင်ရွက် မှာဖြစ်တဲ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးကိုလဲ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးကြိုးစား ဆောင်ရွက်သွားမယ်လို့ပြော ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပါတီဦးဆောင်မှု အတွင်းရေးမှူး ကော်မတီဝင် ဦးဝင်းထိန်ကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။