သမ္မတနဲ့ ဝန်ကြီးတွေ ပါတီရာထူး တာဝန် ဆက်ယူထားမှာဖြစ်ကြောင်း NLD ပြော


2016.04.01
dassk-nld-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ပါတီစည်းရုံးရေး လုပ်ငန်းတွေမှာ ဝင်ရောက်ဆောင်ရွက်ခွင့်မရှိပေမယ့် ပါတီရဲ့ရာထူးတာဝန်ကနေ နှုတ်ထွက်စရာ မလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင်တွေဟာ အစိုးရအဖွဲ့မှာ တာဝန်ယူနေပြီဖြစ်တာကြောင့် ဝေဖန် မှုတွေရှိလာနိုင်တာကို ဖြေရှင်းတဲ့အနေနဲ့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတတို့၊ နောက်ဝန်ကြီးတွေပေါ့ဗျာ၊ အဲ့ဒါတွေက ဝန်ကြီးရာထူးရတဲ့အခါကျတော့ ပါတီရဲ့လုပ်ငန်းတွေကို မလုပ်ရတော့ဘူးဆိုတာမျိုးတွေ ပေါ်လာတယ်ထင်တယ်ဗျ၊ အရင်တုန်းက ပြည်သူ့ လွှတ်တာ် ပထမအကြိမ်တုန်းက NLD က မေးတာကို ဒီလိုဖြေဖူးတယ်၊ အဲ့ဒီအဖြေမှာလည်း သူကဘာပြောထား သလဲဆိုတော့ resign ဆိုတာမပါဘူး၊ retire ဆိုတာလည်းမပါဘူး၊ resignation ဆိုတာလည်းမပါဘူး"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ မှာ နိုင်ငံတော် သမ္မတနဲ့ ဒုသမ္မတတွေဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့နေ့ကစပြီး သက်တမ်းအတွင်း အဲဒီပါတီရဲ့ လုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်ခွင့်မရှိလို့ ပါရှိပါတယ်။

အလားတူ ပုဒ်မ ၂၄၃(ဋ) မှာလည်း ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် အဲဒီပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ထမ်းပေးခံရတဲ့နေ့ကစပြီး သက်တမ်းအတွင်း ပါတီလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်ခွင့်မရှိလို့ ပြဋ္ဌာန်းထားတာပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သမ္မတရုံးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဝန်ကြီးတစ်ဦးက သမ္မတ (ဒါမှမဟုတ်) ဝန်ကြီးတစ်ဦးဟာ ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင် ခွင့်မရှိပေမယ့် ပါတီကနေ နှုတ်ထွက်စရာ၊ အနားယူစရာ မလိုအပ်ဘူးလို့ ဖြေကြားခဲ့တဲ့ သာဓကရှိခဲ့တယ်လို့ ကြေ ညာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။