ရှမ်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်မတော်၊ ဌာနေပြည်သူ့စစ်၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထားတဲ့ လယ်ယာမြေဧက တစ်သောင်းခွဲနီးပါးရှိကြောင်း ပြည်နယ်အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေက ပါတီဗဟိုထံ တင်ပြထားတယ်လို့ သိရပါတယ်။
လာမယ့် အစိုးရသစ်လက်ထက်မှာ သိမ်းဆည်းခံ လယ်ယာမြေတွေအရေးကို စုံစမ်းစစ်ဆေးမယ့်အဖွဲ့တွေ ကို ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် စာရင်းတွေကို ပြန်လည်ပြုစုတာဖြစ်တယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက ပြောပါတယ်။
"ကျနော်တို့လွှတ်တော်ကနေလည်း လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီ ပြန်ဖွဲ့ရမယ်လေ ၊ ပြန်ဖွဲ့ပြီးတဲ့ခါကျရင် ပြည်နယ်နဲ့ တိုင်းတွေမှာလည်း မြေယာစီမံခန့်ခွဲရေးကော်မတီက အသစ်ပြန်ဖွဲ့ရမှာလေ၊ အဲဒီ့ဟာတွေကနေတဆင့် တောင်သူလယ်သမားတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်သွားပြီး ကျနော်တို့ စီစဉ်နေပါတယ်"
တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲက ကလောနဲ့ ရပ်စောက်မြို့နယ်အတွင်းက ဧကတစ်ရာကျော် ကိုသာ ပြန်လည်ပေးအပ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သိမ်းယူခံရတဲ့ လယ်ယာမြေဧကစာရင်းကို ပြုစုပြီး ပါတီဗဟိုမှာရှိတဲ့ တောင်သူလယ်သမားရေးရာကော်မတီထံ တင်ပြဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။
တောင်သူလယ်သမားရေးရာကော်မတီထံ ရန်ကုန်၊ စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီတိုင်းအတွင်းက သိမ်းဆည်းခံ လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေကို လက်ခံရရှိထားပြီး ဧကစုစုပေါင်းကို စာရင်းပြုစုနေဆဲဖြစ် တယ်လို့ သိရပါတယ်။
