တင်ဒါချပေးရာမှာ ပါဝင်မှုနဲ့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ကို ပါတီစည်းကမ်းနဲ့အရေးယူ


2019.01.19
tanintharyi-hluttaw-622.jpg တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကို တွေ့ရစဉ်
Photo: Tanintharyi Region Hluttaw

နိုင်ငံတော်ကို ဓာတ်ငွေ့ဖိုး အကြွေး ရှစ်ဘီလီယံကျော်ပေးဖို့ ကျန်ရှိနေတဲ့ GGS ကုမ္ပဏီကို တင်ဒါချပေးရာမှာ ပါဝင်ပတ်သက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ပါတီစည်းကမ်းအရ အရေးယူထားတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က RFA ကို ပြောပါတယ်။

ဘယ် လွှတ်တော် ကိုယ်စားလှယ်ကို အရေးယူထားတယ်၊ ဘယ်လို ပါဝင်ပတ်သက်လို့ အရေးယူထားတယ်ဆိုတာကိုတော့ ပါတီ အတွင်းရေးဖြစ်တာကြောင့် အသေးစိတ် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ထားဝယ်ခရိုင်အတွင်း သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးဖို့အတွက် GGS (Global Green Services) ကုမ္ပဏီကို တနင်္သာရီတိုင်းအစိုးရအဖွဲ့က ၂၀၁၆ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခွင့် ပြုခဲ့တာဖြစ်ပါတယ်။

ဒီကုမ္ပဏီနဲ့ တနင်္သာရီတိုင်း အစိုးရကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ ကွက်လပ်တွေ ချန်ထားပြီး ချုပ်ဆိုထားတာကြောင့် တနင်္သာရီတိုင်း အစိုးရကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေက ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။

ဒီကုမ္ပဏီဟာ နိုင်ငံတော်ကို ဓာတ်ငွေ့ဖိုး ကျပ်ရှစ်ဘီလီယံကျော်ပေးဖို့ ကျန်ရှိနေတာကို ပြည်ထောင်စုအဆင့် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက တရားဝင်စာ ၁၄ ကြိမ် ပေးပို့တောင်းထားပေမယ့် ဒီနေ့အထိ မပေးသေးဘူးလို့လည်း သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းအတွင်းက မဲဆန္ဒနယ် ၄၃ နေရာလုံး NLD ပါတီက အားလုံး အနိုင်ရရှိခဲ့တာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့မှာရှိတဲ့ ဝန်ကြီးတွေကလည်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတာကြောင့် တင်ဒါကိစ္စမှာ ဘယ်သူပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ မသိကြောင်း ကျွန်းစုမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။