ဈာပနအခမ်းအနား ပါတီက တာဝန်ယူကျင်းပမည်


2017.08.16
uaungshwe-passaway-622.jpg NLD ပါတီ ဥက္ကဌဟောင်း ဦးအောင်ရွှေ ပုံ
.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌဟောင်း ဦးအောင်ရွှေရဲ့ ဈာပန အခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ မနက်ဖြန် မနက် ၁၀နာရီ ရန်ကုန် မြို့ ရေဝေးသုသာန်မှာ ပါတီကဦးဆောင်ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်စကားပြောကြားဖို့ ဖိတ်ကြားထားပြီး ကွယ်လွန်သူ ဦးအောင်ရွှေရဲ့ဘဝဖြတ်သန်းမှုကိုလည်း ဖတ်ကြားသွားဖို့ စီစဉ်ထားတယ်လို့ ဈာပနကျင်းပရေး ကော်မတီ ဥက္ကဌ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

"အဖွဲ့ချုပ်က တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ဦးကနေပြီးတော့ အမှတ်တရ စကားပြောပါမယ်၊ နောက်ပြီးတော့ ၈၈ ပွင့်လင်းအဖွဲ့အစည်းက ဦးမင်းကိုနိုင် ဖြစ်ဖို့များတယ်ထင်ပါတယ်၊ အမှတ်ရစကားပြောပါမယ်။ ဒီ ဘဘရဲ့ ဈာပနအတွက်ပေးပို့တဲ့ သဝဏ်လွှာတွေကိုလည်း မှတ်တမ်းတင်တဲ့အနေနဲ့ ဖတ်ကြားပါမယ်။ ဘဘရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိနဲ့ နိုင်ငံတော်အတွက် ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေကိုလည်း ပရိသတ်သိရှိအောင် ဖတ်ကြားပါမယ်"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ စကားပြောဖို့စီစဉ်ထားပေမယ့် တကယ်တမ်း တက်ရောက်နိုင်မလားဆိုတာ အတိအကျမပြောနိုင်သေးဘူးလို့ ဒေါက်တာ မျိုးညွန့်ကပြောပါတယ်။

NLD ပါတီ ဥက္ကဌဟောင်း ဦးအောင်ရွှေ၊ အသက် ၁၀၀ နှစ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ရက်၊ တနင်္ဂနွေနေ့ည ၉ နာရီ ၃၆ မိနစ်အချိန်မှာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့ မနက်၇ နာရီ ကွယ်လွန်သူ ဦးအောင်ရွှေရဲ့နေအိမ်မှာ သရဏဂုံတင်ဖို့ သီတဂူဆရာတော် အရှင် ဦးဉာဏိဿရကို ပင့်လျှောက်လွှာပေးပို့ ထားတယ်လို့ ပြောပါတယ်။

မနက်ဖြန် မနက် ၁၀ နာရီ ရေဝေးသုသာန်မှာ ဈာပနအခမ်းအနား စတင်ကျင်းပမှာဖြစ်ပြီး ၁၁ နာရီမှာ မီးသဂြိုၤဟ် မှာဖြစ်ပါတယ်။

ကွယ်လွန်သူ ဦးအောင်ရွှေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းထားခံရစဉ် နှစ်ပေါင်းများစွာအတွင်း ပါတီဆက်လက်ရှင်သန်နိုင်ရေးအတွက် ဦးဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဦးအောင်ရွှေ ဆေးရုံတက်ရောက်ကုသနေချိန်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီး၊ ဒုသမ္မတ ဦးဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် တို့  လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဦးအောင်ရွှေဟာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်နဲ့ တပ်မတော်မှာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့စဉ်က ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။