မဘသ ကို တုန့်ပြန်မှာ မဟုတ်လို့ NLD ပြောကြား


2016.07.08
winhtein-620.jpg NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် ကို ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြိုု့မှာတွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က မဘသ မလိုအပ်ဘူးလို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မဘသ အဖွဲ့က တောင်းပန်ခိုင်းတာကို မိမိတို့အနေနဲ့ တစ်စုံတရာ တုန့်ပြန်မှာမဟုတ်ပါဘူးလို့ NLD ပါတီခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ NLD ပါတီ ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်နဲ့ ရန်ကုန်တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံအပြီးမှာ ဦးဝင်းထိန်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။

"အစ်ကိုတို့ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှု ပပျောက်အောင် ဒီသဘောမျိုးပဲထားတယ်၊ ခေါင်းထဲလည်း သိပ်မထည့်ဘူး၊ သူများလာကိုလည်းလာပြောလို့ ဘာညာဒါကို ဘာမှအရးတယူ လုပ်စရာအကြောင်းမရှိဘူး၊ သူတို့မူနဲ့သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါတယ် NLD ပါတီမှာလည်း မူပါတယ်၊ နိုင်ငံရေးနဲ့ ဘာသာရေးဟာ ရောစပ်မှုမရှိရဘူးဆိုတဲ့မူလည်းရှိတယ်၊ အဲ့ဒီတော့ အခုဖတ်ကြည့်တယ်လို့ ဖေ့စ်ဘွတ်တွေ ဘာတွေမှာ အဓိကကျတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားဟာ သိပ်အောက်တန်းကျတော့ ငါးစိမ်းသည်လိုများ အောက်မေ့တယ်၊ အဲ့လိုဆိုတော့ ဒါတွေဟာ တုန့်ပြန်စရာအကြောင်းမရှိဘူး၊ တုန့်လည်းမတုန့်ပြန်ဘူး ဘာလို့လဲဆိုတော့ အစ်ကိုတို့ အခုလုပ်နေတာ ဒီမိုကရေစီနိုင်ငံတည်ဆောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က လိမ္မာပါးနပ်စွာနဲ့ ချီတက်နေတဲ့ အချိန်မှာ ဒါမျိုးတွေ ခေါင်းထဲထည့်ပြီးတော့ အရေးတယူလုပ်လို့ရှိရင်၊ အဲ့ဒါတွေကို ခေါင်းထဲမထည့်နဲ့ ကိုယ်လုပ်စရာရှိတာတွေဆက်လုပ်"

ဦးဖြိုးမင်းသိန်းဟာ ဒီကနေ့မနက်ပိုင်းက နေပြည်တော်ကိုရောက်ရှိပြီး နိုင်ငံတော်သမ္မတရုံး ရုံးအမှတ် ၁၈ မှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းပရေး အစည်းအဝေးကို တက်ရောက်ခဲ့ပြီး NLD ပါတီခေါင်းဆောင် ဦးဝင်းထိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရှိဖို့မလိုအပ်ဘူးလို့ ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ရက်ပိုင်းက စင်္ကာပူနိုင်ငံကို ရောက်ရှိစဉ်ပြောကြားခဲ့ပါတယ်။

အဲ့ဒီအတွက် ဇူလိုင်လ ၇ ရက်နေ့ မနေ့က အင်းစိန်ရွာမကျောင်းတိုက်မှာ မဘသ ဦးဆောင် ဆရာတော်တွေက အထူးအစည်းအဝေးပြုလုပ်ခဲ့ပြီး ဦးဖြိုးမင်းသိန်းပြောကြားခဲ့တဲ့ စကားအတွက် ဇူလိုင်လ ၁၄ ရက်မတိုင်ခင် တောင်း ပန်ဖြေရှင်းဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မတောင်းပန်ဘူးဆိုရင် ဆန္ဒပြတာတွေနဲ့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်လို့ မဘသ က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဥးဖြိုးမင်းသိန်းက မဘသအဖွဲ့ ရှိဖို့မလိုအပ်ပါဘူးလို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ဒီကိစ္စကို အစိုးရအနေနဲ့ကို ၇ ရက်အ တွင်း ဖြေရှင်းပေးရမယ်လို့ မနေ့က တောင်းဆိုခဲ့ပါတယ်။  အဲဒီလို တောင်းဆိုမှုနဲ့ ပတ်သက်ပြီး နယ်ပယ်အသီးသီး က ရဟန်းနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့အမြင်ကို မခက်မာ စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။