ဟိန္ဒူဘာသာဝင် NLD အဖွဲ့ဝင် နယ်ကျော်မှုနဲ့ အဖမ်းခံရ

အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်တဦးဖြစ်သူ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင် ရပ်ကွက်နေ ဦးအောင်လှမြင့် ခေါ် ဦးဖိုးထောင်ကို မိတ္ထီလာ မြို့နယ်မှာကျင်းပတဲ့ ၁၅ မြို့နယ် အစည်းအဝေး တက်ရောက်ရာက အပြန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ SB၊ စရဖ၊ လဝက ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

2011.07.20

မန္တလေးတိုင်း မိထ္တီလာမြို့နယ်မှာကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားကအပြန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရမည်သင်း ခရိုင် တပ်ကုန်းမြို့နယ်က ဦးအောင်လှမြင့် ခေါ် ကိုဖိုးထောင်ကို လဝက အက်ဥပဒေနဲ့ တရားစွဲဆိုထားပြီး ဒီကနေ့ တရားရုံးကနေ အာမခံနဲ့ ပြန်လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီညနေမှာ နေအိမ်ကို ပြန်ရောက်လာတဲ့ ဦးအောင်လှမြင့် က အာအက်ဖ်အေကို အခုလိုပြောပါတယ်။

"လဝက ဦးစီးကနေပြီးတော့ မြို့နယ်တရားရုံးကို လွှဲတယ်လေ။ မြို့နယ် တရားရုံး ဒေါ်ချိုချိုပေါ့လေ။ လဝက ဥပဒေ ပုဒ်မကတဲ့ ၅၁ နဲ့ စွဲထားတဲ့အတွက် အာမခံ ပေးလို့ရတယ်တဲ့။ အာမခံ နှစ်ယောက်နဲ့ ကျနော့်ကို လွတ်လိုက်တယ်။ ငွေမပေးရဘူး။ ၂၇ ရက်နေ့ မှ အမှုစစ်မယ်တဲ့။ အမှုကတော့ ကျနော် တရားရုံးမှာ ရင်ဆိုင်မှာပဲ။"

လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အခုလို ဖမ်းဆီးအရေးယူခံရတာဟာ နိုင်ငံခြားသားများ ခရီးသွားလာခွင့် ထောက်ခံစာ မယူသွားတာကြောင့်လို့ပြောဆိုပေမဲ့ ရုံးပိတ်ရက်ဖြစ်နေတယ်လို့ ဦးအောင်လှမြင့်က ပြောပါတယ်။

"အာဇာနည်နေ့မှာ ဆရာတော် သံဃာတော်တွေ ဆွမ်းကပ်ပြီးတော့ ဂါဝရပြုတာ အဲ့ဒါသွားတာနဲ့ ကျနော်ကနေပြီးတော့ လဝက ရဲ့ ထောက်ခံချက် မပါလို့ပေါ့။ ပုံစံ ၄ မယူသွားလို့ပေါ့လေ။ အဲ့ဒါနဲ့ ကျနော့်ကို လဝက အက်ဥပဒေနဲ့ စွဲထားတာ။ ကျနော် မနက်သွားတယ် ည ၈ နာရီခွဲလောက် တပ်ကုန်းပြန်ရောက်တယ်။ အာဇာနည်နေ့မှာ ရုံးပိတ်တယ်လေ ရုံးပိတ်တော့ ကျနော်ထောက်ခံချက် မယူသွားဘူးပေါ့။ ခေါင်းဆောင်ကြီးတွေရဲ့ အာဇာနည်နေ့ကိုသွားပြီး ဂါဝရပြုတာကို လုပ်တဲ့ဥစ္စာကတော့ ဒါ ကျနော့်အနေနဲ့ မတရားလုပ်ရပ်လို့ပဲ ယူဆတယ်လေ။"

ဦးအောင်လှမြင့် ဟာ ဟိန္ဒူဘာသာဝင် တစ်ဦးဖြစ်ပြီး ၁၉၉၀ ခုနှစ်ကတည်းက ဧည့်နိုင်ငံသားအဖြစ် နှစ်ကြိမ်တိုင်တိုင် ကျမ်းကြိမ်ထားခဲ့သလို နိုင်ငံသားဖြစ်ဖို့ လျှောက်ထားရာမှာ တခြားဘာသာဝင်တွေ ရရှိကြပေမဲ့ သူတို့မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကတော့ အခုအချိန်ထိ မရရှိကြသေးဘူးလို့ သိရပါတယ်။

အလားတူပဲ ဦးအောင်လှမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လအတွင်းကလည်း ရမည်းသင်းမြို့မှာ မန္တလေးတိုင်းစည်းအဖွဲ့ဝင်တွေနဲ့ မြို့နယ်စည်းအဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တပ်ကုန်းမြို့ကအိမ်ပြန်အရောက်မှာ ဖမ်းဆီးခံခဲ့ရပြီး တပ်ကုန်းမြို့နယ် တရားရုံးကနေ ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်ပြီး ကသာ အကျဉ်းထောင်မှာ အကျဉ်းကျခဲ့ဖူးသူတစ်ဦး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။