ကချင်ခေါင်းဆာင်များကို NLD ကိုယ်စားလှယ်အဖွဲ့ ဂါရဝပြု
2010.10.18
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၂၀ဝ၃ ခုနှစ်က ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးထွက်စဉ် ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
NLD အဖွဲ့ဟာ မြစ်ကြီးနားမြို့ကို သောကြာနေ့က
ရောက်ရှိတာဖြစ်ပြီး စနေနဲ့ တနင်္ဂနွေနှစ်ရက် တနိုင်းဒေသဖက်ကို ခရီးဆက်ခဲ့တာလို့ ဆိုပါတယ်။
ခရီးစဉ်နဲ့ပတ်သက်ပြီး၊ အဖွဲ့ ခေါင်းဆောင် ဦးအုန်းကြိုင်က RFA ကို ခုလို ပြောပြပါတယ်။
“ဟိုတနေ့ကတုန်းက တနိုင်းမြို့ကို ညနေဖက် ရောက်တယ်။
တနိုင်းမြို့နယ် ဥက္ကဋ္ဌ သူက ဦးနာနုဂျာတန် (စာလုံးပေါင်း
အသံထွက်အတိုင်း) ရဲ့ အိမ်မှာ အဖွဲ့ဝင် ၅၀ လောက်က လာပြီးတော့ ကြိုဆိုနေကြပါတယ်။
အဲဒီမှာပဲ ကျွန်တော်တို့ ဆွေးနွေးပွဲ လုပ်ပါတယ်။ စိတ်ပါဝင်စားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ
အပါအဝင် လူပေါင်း ၁၀၀ ကျော်လောက် တက်ပါတယ်ခင်ဗျ။ တနိုင်းကနေပြီးတော့ မနေ့က ညက ပြန်ရောက်တယ်ဗျ။
ဒီနေ့က ကျွန်တော်တို့ မြစ်ကြီးနားမှာ ကချင်လူမျိုးနဲ့ တိုင်းပြည်အကျိုး၊ ပြည်ထောင်စုအကျိုးပေါ့ဗျာ၊
စွမ်းစွမ်းတမံ စွမ်းဆောင်ခဲ့တဲ့ ကချင်တိုင်းရင်းသားထဲက နိုင်ငံရေးခေါင်းဆောင်ကြီးများရဲ့
သူတို့ရဲ့ မိသားစုတွေကို ကျွန်တော်တို့ ကျွန်တော် ခေါင်းဆောင်ပြီးတော့ပေါ့ဗျာ၊ ကျွန်တော်တို့
ဦးအေးသာအောင်နဲ့ အတူ ကျွန်တော်တို့ အဖွဲ့ဝင်အားလုံး လိုက်ပြီးတော့ ဂါရဝ ပြုကြပါတယ်။”
သွားရောက် ဂါရဝပြုခဲ့သူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့
အတူ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူ ကွယ်လွန်သူ ဗိုလ်မှူး ဗြစ်တူးရဲ့ ဇနီးကို မနက်ပိုင်းမှာ
ဂါရဝပြုခဲြ့ပီး၊ မွန်းလွဲပိုင်းမှာ ဒူးဝါး ဦးကော်ဇနော် နဲ့ ဒူဝါး ဦးလတ်လတ် ဂျုံးတို့ကို
ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ကိုဇဂနာတို့ ရှိနေတဲ့ မြစ်ကြီးနားထောင်ကို
သွားရောက်ပြီး ထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပါဆယ်တွေ ပို့ခဲ့တယ်လို့လည်း
သိရပါတယ်။
ကချင်ပြည်နယ်ကို သွားရောက်တဲ့ NLD အဖွဲ့အနေနဲ့
ငြိမ်းချမ်းရေးယူထားတဲ့ KIO ကချင်လွတ် မြောက်ရေး အဖွဲ့နဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့
သိရပါတယ်၊ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က သတင်း ပေးပို့ထားပါတယ်။
| သတင်းပေးပို့ချက်။ |
|
| အသံဖိုင်ယူရန် |









