NLD ဈေးရောင်းပွဲ ပထမနေ့ သိန်း ၅၀ ရရှိ
2011.01.02
ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အကြို ရန်ပုံငွေ ဈေးရောင်းပွဲကို ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရန်ကုန်တိုင်း ရွှေဂုံတိုင်လမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ဒီကနေ့ ဈေးရောင်းပွဲမှာ ရန်ပုံငွေ အမြောက်အမြား ရခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“မြို့နယ်အသီးသီးနဲ့ ပြည်နယ် စည်းရုံးရေးကော်မတီတွေက လာဖွင့်တဲ့ ကောင်တာပေါင်း ၁၈ ခု မနေ့ကတည်းက လျာထားပါတယ်။ ဒီကနေ့မနက်ကျတော့ သခင်ဇင် မိသားစုကလည်း ကောင်တာတခု လာဖွင့်ပြီးတော့ ရောင်းချပေးပါတယ်။ နောက် ဗဟို အမျိုးသမီးအဖွဲ့က ကောင်တာနဲ့ဆို ဒီကနေ့ ဈေးရောင်းတဲ့ ကောင်တာပေါင်း၂၀ ကျော်သွားပါတယ်။ လွတ်လပ်ရေးအကြို ခေတ်က ဗိုလ်ချုပ်အောင်ဆန်း သီချင်းတွေ ဖွင့်ပြီးတော့ တနေကုန် လာပြီး အာပေးကြတဲ့သူတွေ မစဲပါဘူး။ ညနေ ၄ နာရီ ပိတ်ချိန်မှာ အကြမ်းဖျင်း ပေါင်းကြည့်တော့ သိန်း ၅၀ ကျော်ဖိုး ရောင်းရပါတယ်။ အဲဒီအထဲကနေ အရင်းတွေကို ဖယ်ပြီး တချို့ကောင်တာတွေက အမြတ်ကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး လူမှုအထောက်အကူ လုပ်ငန်းတွေအတွက် ပံ့ပိုးဖို့ ရန်ပုံငွေအဖြစ် လှူဒါန်းမှာ ဖြစ်ပါတယ်”
NLD ဈေးရောင်းပွဲကို လာမယ့် လွတ်လပ်ရေးနေ့အထိ ကျင်းပမှာဖြစ်ပြီး နောက်ထပ် အလားတူ ဈေးရောင်းပွဲတွေ ပြုလုပ်ဖို့ အစီအစဉ် ရှိကြောင်းလည်း သိရပါတယ်။ NLD ရဲ့ ဒီကနေ့ ဈေးရောင်းပွဲ အခြေအနေကို RFA ဒေါ်ခင်ခင်အိက NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









