NLD စာသင်ကျောင်း ဆက်လက် ဖွင့်ခွင့်ရ
2011.01.22
ပြီးခဲ့တဲ့ တနင်္လာနေ့က လှိုင်သာယာမြို့နယ် (၁၄) ရပ်ကွက် မေခ လမ်း ဦးမင်းလွင်ရဲ့ ခြံဝင်းအတွင်းမှာ ‘အမေ့အိမ်’ လို့ အမည်ပေးထားတဲ့ အခမဲ့ စာသင်ကျောင်းကို NLD က ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် ပညာရေး ဝန်ကြီးဌာနက တားမြစ်တဲ့အတွက် နောက်တနေ့မှာ ပိတ်ထားခဲ့ရပါတယ်။
ဒီလို တားမြစ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး လှိုင်သာယာ NLD အတွင်းရေးမှူး ဦးအေးဗိုနဲ့ ပညာရေးဌာန တာဝန်ရှိသူတွေ မနေ့က ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ဖွင့်လှစ်ခွင့် ရရှိခဲ့တာပါ။
ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းကြတဲ့အတွက် နှစ်ဘက်စလုံးကို အထူး ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချ ပြောဆိုကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။
ကျောင်းဖွင့်ခွင့် စည်းမျဉ်းတွေနဲ့မကိုက်ညီတဲ့အတွက် ဖွင့်ခွင့်မရှိဘူးလို့ ပညာရေးဌာနက တားမြစ်ခဲ့တာ ဖြစ်ပေမယ့် ဒီကျောင်းဟာ အခကြေးငွေယူပြီး ဖွင့်တာ မဟုတ်တဲ့အတွက် တခြား ပုဂ္ဂလိက စာသင်ကျောင်းတွေနဲ့ မတူကြောင်း NLD ဘက်က ပြန်လည် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။









